မော်လမြိုင်မြို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဒေသခံတွေ ဝေဖန်

By MPM 5 ဇူလိုင်, 2026 👁 47

အာဏာသိမ်း စစ်တပ် အပြည့်အဝထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အများပြည်သူတွေအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာတယ်လို့ မြို့ခံတွေက ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က မော်လမြိုင်မြို့မှာ ထင်ရှားတဲ့ တောင်ရိုးတန်းမှာတောင် ဆိုင်ကယ်တက္ကစီသမားတစ်ဦးကို သတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ကာ ဇူလိုင် ၂ ရက်နေ့မှာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရုံးစိုက်တဲ့ မော်လမြိုင်မြို့မှာ လုံခြုံရေးအင်အားအများအပြားနဲ့ နေ့စဉ် လှည့်ကင်း ပတ်ကင်းတွေနဲ့ မြို့အနှံ့ လှည့်လည်နေပေမယ့် တရားဥပဒေစိုးမိုးမှုမရှိတဲ့အပေါ် မြို့ခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက တရားဥပဒေစိုးမိုးမှုဟာ ကြာလေမဲ့လေဖြစ်လာတာကြောင့် ကြောက်စိတ်တွေ လွှမ်းမိုးလာသလို မလုံခြုံတော့ဘူးဆိုတာ လူတိုင်းရဲ့စိတ်ထဲမှာ ကိန်းဝပ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တရားဥပဒေ စိုးမိုးမှုက ကြာလေမဲ့လေ ကြာလေမဲ့လေဆိုတော့ လူတွေက ကြောက်စိတ် တအားလွှမ်းမိုးလာပြီးပေါ့နော်။ တက္ကစီသမားကိုလည်း လုပ်လာပြီးဆိုတော့ နောက် ကိုယ်ပိုင်စီးတဲ့လူတွေလည်းပဲ တစ်နေရာရာကိုသွားတဲ့အခါမှာ တစ်ယောက်တည်းသွားရင် မလုံခြုံတော့ဘူးဆိုတာတွေက လူတိုင်းရဲ့ရင်ထဲမှာ ကိန်းဝပ်လာတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် တရားဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် နေ့စဉ် ရှာဖွေစားသောက်ရတာတွေကအစ အခက်အခဲရှိလာသလို တရားဥပဒေမဲ့ လုပ်တဲ့သူတွေကိုလည်း ဖမ်းဆီးရမိတာမရှိတာကြောင့် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်စေတယ်လို့ သူက ဆက်ပြောပါတယ်။

အငှားယာဉ်မောင်းနှင်သူတစ်ဦးကလည်း မော်လမြိုင်မြို့မှာ အခုလို တရားဥပဒေမဲ့လုပ်ရပ်ကြောင့် အသက်အန္တရာယ်ရှိပေမယ့် သေချာ စုံစမ်းဖော်ထုတ်ပေးတာ မရှိတဲ့အတွက် ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မော်လမြိုင်မြို့ကြီးဟာနော် ကိုယ်တွေဘက်မှာလည်း အသက်အန္တရာယ်နဲ့ဆိုတော့ တရားဥပဒေကလည်း သေချာလေး မစုံစမ်းပေးတဲ့ ပုံစံမျိုးဆိုတော့ နည်းနည်းတော့ ကိုယ့်ဘက်ကို ပြန်ပြီးတော့ နည်းနည်း စစ်ရမှာပေါ့။ အခုလို ဖြစ်သွားတဲ့အပေါ်ကျတော့ ကျွန်တော်လည်း ယာဉ်မောင်းတစ်ယောက်အနေနဲ့ ပိုကြောက်လာတယ်ဗျာ။ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမယ်ဆိုတာမျိုးတွေက အခု လက်တွေ့ ဖြစ်နေတဲ့ ပုံစံဆိုတော့လေ ပိုကြောက်လာတယ်” လို့ ဆိုပါတယ်။

တဖက်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ကို Safe City စီမံကိန်းဆိုကာ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ထောင်နဲ့ချီအသုံးပြုပြီး မြို့အနှံ့ CCTV ကင်မရာတွေအပြည့် တပ်ဆင်ထားတာပါ။

အခုလို မော်လမြိုင်မြို့ကို Safe City ဆိုပြီး မြို့အနှံ့ CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် မကြာခဏဆိုသလို ဆိုင်ကယ်ခိုးမှုတွေ၊ ခိုးဆိုးလုယက်မှုတွေအပြင် တခြားဒုစရိုက်မှုတွေ ဖြစ်ပွားနေပေမယ့် ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိပါဘူး။

မော်လမြိုင်မြို့မှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူစစ်အဖွဲ့ အပြင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေက မြို့ဝင်/မြို့ထွက်တွေမှာ စစ်ဆေးတာ၊ မြို့တွင်း ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်နေပေမယ့် တရားဥပဒေစိုးမိုးမှု မရှိသလောက် နည်းပါးလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သံလွင်တိုင်းမ်