မောင်တောတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေး ၁၀ ဦး ဒဏ်ရာရ

By MPM 21 ဩဂုတ်, 2026 👁 69

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် ဩဂုတ် ၂၀ ရက်၊ နံနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် မည်သည့်နေရာကမှန်းမသိ ရရှိလာသော စစ်ကျန်ဗုံးသီးအား ခြံဝင်းတစ်ခုအတွင်း ထုခွဲဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်၍ ယင်းသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

အင်းဒင်ဒေသခံ အမျိုးသမီးတစ်ဦးက “စစ်ကျန်လက်နက်ကို သူတို့ ဘယ်က ရခဲ့လဲတော့ မသိရဘူး။ ရွာထဲက ကလေးတွေ ခါတိုင်း ကစားနေကျ ခြံလွတ်နေရာမှာ ထုခွဲမိပြီး ပေါက်ကွဲတာ” ဟု ပြောသည်။

ဒဏ်ရာရရှိသွားသည့် ကလေးငယ်များမှာ မောင်မင်းမြတ်သာကီ၊ မမိုးရွှေပန်း၊ မစိန်ရတီဦး၊ မမိုးနွယ်ဦးနှင့် မောင်မိုးအောင်ဌေး အပြင် ပဲရုံကျေးရွာမှ မောင်ခိုင်သူရိန်ထွန်း၊ မောင်ပြည့်ဆန်းကျော်စွာ၊ မောင်အောင်ဟိန်းထက်၊ မောင်အောင်ငြိမ်းထက်၊ မောင်မြတ်လင်းအောင်တို့ဖြစ်ပြီး ၎င်းတို့မှာ အသက် ၅ နှစ်အရွယ်မှ ၁၀ နှစ်ဝန်းကျင် အရွယ်များဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၀ ဦးအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်မှုကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရပြီး ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။

မောင်တောတိုက်ပွဲကာလအတွင်း အင်းဒင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်က တပ်စွဲနေထိုင်မှုများ ရှိခဲ့ပြီး ယခုပေါက်ကွဲသည့် ဗုံးသီးမှာလည်း စစ်တပ်၏ စစ်ကျန်လက်နက်များဖြစ်နိုင်ကြောင်း ဒေသခံများက ယူထားကြသည်။

ပြီးခဲ့သည့် နှစ်အတွင်းလည်း အင်းဒင်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ကျေးရွာအနီး ထင်းခုတ်ရန်သွားစဉ် မြေမြှုပ်မိုင်းတစ်လုံး နင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးခဲ့ရကြောင်း ရွာသားများက ပြောသည်။

“အရင်ကတည်းက စစ်တပ်က တပ်စွဲခဲ့တဲ့နေရာတွေ ဖြစ်နေတော့ မိုင်းတို့ စစ်ကျန်လက်နက်အန္တရာယ်တို့ စိုးရိမ်ရတယ်။ အရင်ကလည်း ထင်းခွေသွားရင်း မိုင်းနင်းမိပြီး အမျိုးသမီးတစ်ယောက် ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်သွားတာရှိတယ်” ဟု အင်းဒင်ရွာထိုင်နေထိုင်ဖူးခဲ့သည့် မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကလည်း မောင်တောမြို့၊ လေးမိုင်ရပ်ကွက်တွင် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးများကို မကြာခဏ လုပ်နေသော်လည်း ဒေသခံများမှာ မိုင်းနင်းမိသည့်ဖြစ်စဉ် မကြာခဏ ကြုံတွေ့နေဆဲဖြစ်သည်။

ထိုသို့ မိုင်းအန္တရာယ်များကြောင့် တောတောင်ကိုအမှီပြု၍ လုပ်ကိုင်စားသောက်ကြသူများမှာလည်း စိန်ခေါ်မှုများရှိနေကြသည်။

DMG