စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးကို ဇွန်လ ၄ ရက် နံနက်ပိုင်းက တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း (၈) က ပြောသည်။
“ချောင်းဦးအထွက် မြင်းမူသွားတဲ့လမ်းက လဝကရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့။ ကင်းစောင့်နေတဲ့ ကောင်တွေ ထိမှန်တယ်။ စခ သေဆုံးကတော့ လေးယောက်လောက် ရှိခဲ့တယ်” ဟု တပ်ရင်း (၈) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ လဝကရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံး စစ်ကောင်စီတပ်များထံက (G – 3) ၄ လက်နှင့် ကျည် ၄၉ ထောင့် သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းသို့ဖြစ်စဉ်ပွားပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်က စစ်ကားများနှင့် အင်အားလာရောက် တိုးမြှင့်တပ်စွဲခဲ့ပြီး ဖြတ်သန်းသွားလာသူများနှင့် အနီးပတ်ဝန်းကို စစ်ဆေးမေးမြန်းမှုများ တိုးမြှင့် လုပ်ဆောင်ကြောင်း ဒေသခံများထံက သိရှိရသည်။
“သူတို့ အပစ်ခံရပြီးသေတာများတော့ ကြောက်နေတာနေမှာပေါ့။ အရင်ကထက်ကို အင်အားများတာကို တွေ့ရတယ်။ လမ်းသွားလမ်းလာတွေလဲ အကုန်လုံးကို စစ်မေးတော့တာပဲ။ မြင်းမူဘက်ကို သွားသွား၊ မြင်းမူ ဘက်က ပြန်ပြန်၊ ဈေးထဲသွားတဲ့ သူတွေကိုရောပေါ့ အကုန်စစ်မေးတာ။ ဖုန်းလဲစစ်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လဝက ရုံးတိုက်ခိုက်မှုကို အမှတ် (၈) တပ်ရင်းက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက မုံရွာမှ ချောင်းဦးမြို့နယ်ဘက်သို့ ထွက်ခွာလာသည့် စစ်ကား (၂) စီးကို တော်လှန်ရေးတပ်ဖွဲ့ ဒေါင်းမင်းစစ်ကြောင်း အညာတပ်ခွဲက ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နိရဉ္စရာ – ပေးပို့သည်