မိုးဗြဲနှင့် နန်းမယ်ခုံကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ စစ်ရှောင် ၁,၄၀၀ ကျော် အကူအညီလိုအပ်နေ

By MPM 21 ဇူလိုင်, 2026 👁 67

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်နယ် နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယတစ်ပတ်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခုဇူလိုင်လ ၂၀ ရက်အထိ နေ့စဉ်နီးပါး ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး လက်ရှိတွင် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

“မိုးဗြဲနဲ့ နန်းမယ်ခုံကြားမှာ ကျွန်တော်တို့ စစ်ရှောင်နေတာ နှစ်လကျော်ရှိပြီ။ အဲဒါ တော်တော်လေးတော့ ဟိုဥစ္စာ (အခက်အခဲ) ဖြစ်တယ်။ ရွာမှာလည်း တချို့ပစ္စည်းတွေ အများကြီးကျန်ခဲ့တယ်။ တချို့သူတွေ ပြန်ယူတယ်ပေါ့နော်။ ပြေးပြီးတော့ ပြန်ယူတဲ့အချိန်မှာ ဒရုန်းတွေရော လက်နက်ကြီးတွေရောနဲ့ လာချလို့လေ။ အများကြီးသေတယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

ဒေသခံများ စစ်ဘေးရှောင်နေရသည့် ကာလအတွင်း စစ်အုပ်စု၏ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတဦးအပါအဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

မိုးရာသီကာလဖြစ်သည့်အလျောက် အမိုးအကာများ အဓိကလိုအပ်နေပြီး စားနပ်ရိက္ခာအကူအညီများလည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။

“တောက်လျှောက်ပဲ ထိတွေ့မှုတော့ တောက်လျှောက် ဖြစ်နေတယ်ပေါ့နော် စစ်ရေးကတော့။ စစ်ရေးကတော့ နှစ်ဖက် ထိခိုက်မှု ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှု နည်းပါတယ်၊ သူတို့ဘက်ကတော့ ထိခိုက်မှု ပိုများတယ်ပေါ့နော်။ စစ်ရေးကတော့ ဘယ်ဘက်က အသာစီးပိုရလဲ မပြောတတ်ဘူး” ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးတွင် စစ်အုပ်စုတပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က စစ်ကြောင်းထိုးနေ၍ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နန်းမယ်ခုံ – လွယ်ယင်းတောင်ခြေ၊ လွယ်ဝိုင်းနှင့် ခေါင်းစံ လမ်းပိုင်းများကို ဖြတ်သန်းသွားလာခြင်းမပြုရန် မိုးဗြဲ PDF က ဇွန်လ ၃၀ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ထားသည်။

မဇ္ဈိမ