မယ်စဲ့မြို့က စစ်ကောင်စီဗျူဟာမြောက်တပ်စခန်းများကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့ သိမ်းပိုက်နိုင်ခဲ့

By MPM 13 ဇွန်, 2023 👁

ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းဘေးရှိ မယ်စဲ့မြို့က စစ်ကောင်စီတပ်စခန်းများကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုပြောသည်။

ဇွန်လ ၁၃ ရက် နံနက် ၈ နာရီခန့်က အဆိုပါ တပ်စခန်းများကို KNDF၊ KA၊ PDF စသည့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခဲ့ရာ ယင်းနေ့ ၁၀ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံ ခူးညေးရယ်က ပြောသည်။

“သံလွင်မြစ်အရှေ့ဖက်ကမ်းဘေး မြန်မာ-ထိုင်းနယ်စပ်မျဉ်း Border Check Point စခန်းအမှတ် ၁၄၊ ၁၅ နားက စစ်ကောင်စီ တပ်စခန်းတွေကို ဒီမနက်ဝင်တိုက်တာ၊ တပ်ရင်းမှုးအဆင့် ဦးစီးထိုင်တဲ့စခန်းဆိုရင် အင်အား ၃၀ ကျော် လောက် ရှိတယ်၊ ဒုတပ်ရင်းမှုးအဆင့် စခန်းဆို အင်အား ၂၀ ကျော် လောက်ရှိတယ်၊ တိုက်ပွဲမှာ ထိခိုက် ကျဆုံးတာတွေတော့ မသိရသေးဘူး”ဟု ခူးညေးရယ်က ပြောသည်။

အဆိုပါ တပ်စခန်းများ ကျသွားသည့်အတွက် မနက် ၁၀ ကျော်လောက်က စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာ ၄ စီး လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းကလည်း ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်နေကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တပ်စခန်းကုန်းများသည် မြန်မာ-ထိုင်း နယ်စပ်မျဉ်းတလျှောက် စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေးများ၊ ဂိတ်စခန်းများနှင့် မယ်စဲ့မြို့ပေါ်ရှိ ရဲစခန်း၊ ကင်းစခန်းများကို နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်သည့် ဗျူဟာကျ အဓိက တပ်စခန်းများ ဖြစ်ကြောင်း ခူးညေးရယ်က ရှင်းပြသည်။

မြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့က စစ်ကောင်စီတပ်၏ အဆိုပါ တပ်စခန်းကုန်းများသည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်း ကတည်းက ကရင်နီလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသည့် စခန်းကုန်းများ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။