ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် အရက်၊ ဘီယာ စသည့် မူးယစ်စေတတ်သော ပစ္စည်းများ သယ်ဆောင်ရောင်းချခြင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ချင်းကာကွယ်ရေးတပ်(မင်းတပ်)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က “ထုတ်ပြန်ရတဲ့ အကြောင်းရင်းက မင်းတပ်- ကျောက်ထု လမ်းကို လုံးဝ စိုးမိုးသွားပြီဆိုတဲ့ သဘောပေါ့နော်။ အရင်တုန်းက မထိန်းချုပ် နိုင်သေးတဲ့အတွက် မင်းတပ်မြို့ထဲကို မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေ ဝင်တာကို မတားနိုင်ဘူး။ နယ်တွေမှာ ပိတ်ထားတဲ့အတွက် တချို့နယ်တွေက မြို့ပေါ်က ယူပြီးမှ သောက်သုံးမှုတွေလည်း ရှိလာတယ်။ အခုက တမြို့နယ်လုံးကို ပိတ်ပစ်လိုက်တာပေါ့နော်။ အရင်က စိုးမိုးထိန်းချုပ်ထားတဲ့ နယ်တွေကိုပဲ ပိတ်တယ်။ အခုက မြို့ပေါ်ကိုပါ ထပ်ပိတ်တာ” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် တိုက်ပွဲများ ဖြစ်ပွားစဉ်ကတည်းက ချင်းကာကွယ်ရေးတပ် (မင်းတပ်) စိုးမိုး ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်ထဲရှိ မင်းတပ်- မတူပီ လမ်းမကြီး အပါအဝင် ကျေးရွာများတွင် မူးယစ်စေတတ်သော ပစ္စည်းများ သယ်ဆောင်ရောင်းချခြင်းကို ပိတ်ပင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“အဲဒီနယ်မြေမှာ ထိန်းသိမ်းထားတာက တော်လှန်ရေးကာလဖြစ်တဲ့အတွက် လူငယ်တွေရော၊ ရဲဘော်တွေမှာ သောက်စားမူးယစ်မှု မရှိအောင်၊ မလိုအပ်တဲ့ ပြသနာတွေ မဖြစ်အောင် တားထားတာ နှစ်နှစ်ကျော်ပြီ” ဟု ဆလိုင်းဟာအွမ်က ပြောပြသည်။
လက်ရှိတွင် စစ်ကောင်စီက မကြာခဏ စစ်ကြောင်ထိုးနေသည့် မင်းတပ် – ကျောက်ထုလမ်းကိုပါ စိုးမိုးထားနိုင်ပြီ ဖြစ်သည့်အတွက် မင်းတပ်မြို့ပေါ် အပါအဝင် ကျေးရွာနှင့် တိုက်နယ်များ၊ တမြို့နယ်လုံးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မူးယစ်စေတတ်သော ပစ္စည်းများ သယ်ဆောင်ရောင်းချခြင်း တွေ့ရှိပါက ပထမအကြိမ်တွင် ပစ္စည်းများကို သိမ်းဆည်းပြီး ဖျက်စီးပစ်မည်။ ဒုတိယအကြိမ်တွင် ဒဏ်ငွေများနဲ့ ပစ္စည်းများကို သိမ်းမည်။ တတိယအကြိမ်တွင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
မင်းတပ်မြို့နယ် တဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ လျော့နည်းကင်းစင်ရေး အများပြည်သူနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မင်းတပ်) တို့ ပူပေါင်းဆောင်ရွက်နေသော်လည်း မင်းတပ်မြို့တွင်းနှင့် တချို့နေရာများတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာများ တရားမဝင် သယ်ဆောင်ရောင်းချ နေသည်ဟုကို သိရသည်။
ယင်းအခြေအနေများကြောင့် မင်းတပ်မြို့နယ် တဝန်းလုံး မူးယစ်ဆေးဝါး၊ အရက်သေစာ လျော့နည်းကင်းစင်စေရေး ပြည်သူတွေ ပူးပေါင်းပါဝင် ပေးကြရန် ချင်းကာကွယ်ရေးတပ် (မင်းတပ်) က နိုးဆော်ထားသည်။
KMG ပေးပို့သည်။