မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများ နှစ်ရက်ဆက်တိုက် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရ

By MPM 17 မေ, 2025 👁

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ထဲက ကျေးရွာများကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မေလ ၁၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ ထဲက ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ဒေသခံတို့က ပြောဆိုသည်။

အလားတူ မေလ ၁၅ ရက်နေ့က မင်းတပ်မြို့၊ တိုက်နယ် ၁ ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

လေကြောင်းနှင့် မေလ ၁၆ ရက်တွင် ထပ်မံတိုက်ခိုက်ခံရသောကျေးရွာသည် မေလ ၁၅ ရက်နေ့က တိုက်ခိုက်ခံရသည့်ကျေးရွာမဟုတ်ကြောင်း ဒေသခံတချို့ကပြောသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မင်းတပ်မြို့ ပအဖထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်လို့မရသေးပါ။

ယင်းသို့ ၂ ရက်ဆက်တိုက် လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ်ကျောင်းသား ၁ ဦး၊ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးတို့သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦး ထိခိုဒဏ်ရာများရရှိခဲ့ကြောင်း၊ ကျေးရွာစာသင်ကျောင်း ကြီးကြီးမားမားထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၂ အိမ် ထိခိုက်ပျက်စီးကာ တချို့မှာ မီးလောင်ပြကျခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ချင်းတော်လှန်ရေးတပ် သိမ်းပိုက်ထိန်းချုပ်ထားသော မင်းတပ်မြို့နယ် အတွင်း စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဗုံးဒဏ်ခံရသည့် ပြည်သူများအား လူသားချင်းစာနာထောက်ပံ့မှုပေးရန် အကူအညီများ လိုအပ်နေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယခုလပိုင်းများတွင် ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်နေပြီး ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားသည်။

စစ်ကောင်စီသည် အပစ်ရပ်ကာလ ထပ်မံသက်တမ်းတိုးထားသော်လည်း မေလ ၆ ရက်မှ ၁၅ ရက်အတွင်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေရာ ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ရသည်ဟု သိရသည်။

KMG ပေးပို့သည်။