မကွေးတိုင်းအတွင်းရှိ ပကဖများအား NUG မှ တပ်ရင်းအဆင့် တိုးမြှင့်အသိအမှတ်ပြု

By MPM 24 ဇန်နဝါရီ, 2023 👁

မကွေးတိုင်းအတွင်းရှိ သရက်-မင်းတုန်း-ကံမ ပကဖ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တပ်ရင်းအဆင့်မြှင့်တင် အသိအမှတ်ပြုလိုက်သည်။

ဒေသတွင်း၌ စစ်ကောင်စီဆန့်ကျင့်ရေး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်လာနိုင်သည့် သရက်-မင်းတုန်း-ကံမ ပူးပေါင်း ပကဖ လင်းယုန်တပ်ဖွဲ့ကို NUG က တပ်ရင်းအဆင့်မြင့်တင် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

လင်းယုန်အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ”အသိအမှတ်ပြုလိုက်တဲ့ အတွက် ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်မူ ပိုပြီး ကောင်းလာမှာဖြစ်သလို လက်နက်ခဲယမ်းပိုင်းလည်း ပိုအားကောင်းလာမှာ ဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက် ခရိုင်၊ (PDF) တပ်ရင်း (၄) အဖြစ် ဇန္နဝါရီလ ၁၉ ရက်နေ့က ပြောင်းလဲအတည်ပြု ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်ဟု ကိုမြတ်က ပြောသည်။

သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ (EAGLE FORCE – လင်းယုန်တပ်ဖွဲ့) သည် စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့် ခုခံတိုက်နေပြီး ဒေသခံပြည်သူများ အားပေးထောက်ခံမှု အားကောင်းသည်ဟု ဆိုသည်။

အထူးသဖြင့် စစ်တပ်၏ လက်နက်ခဲယမ်းထုတ်လုပ်သည့် ကပစ ကာကွယ်ရေး ပစ္စည်းစက်ရုံများရှိသည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် လက်နက်ကိုင် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာနိုင်ခြင်းသည် လင်းယုန်အဖွဲ့၏ ထူးခြားမှုပင်ဖြစ်သည်။

PDF တပ်ရင်း-၄ အဖြစ် ပြုပြင်ပြောင်းလဲလိုက်သည့် လင်းယုန်တပ်ဖွဲ့သည် ၃ ရက် အတွင်း မင်းတုန်း လဝက၊ သရက် လဝကရုံးများနှင့် ကံမမြို့ကို သရက်ဘက်မှ အဝင်ရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းတို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် စစ်ဆင်းရေးများကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည် ဒေသခံများက ပြောသည်။

မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ သောက်စားနေသည့် စစ်သားများကိုလည်း ဝင်ရောက်ပစ်ခတ်ကာ အုပ်ချုပ်ရေးမှူး၏ ကားကို မိုင်းခွဲဖျက်ဆီး သတိပေးမှုများကိုလည်း လုပ်ဆောင်ခဲ့သည့် လက်သံပြောင်သော အဖွဲ့ဖြစ်သည်ဟု ဒေသတွင်းရှိ ပြည်သူများက ပြောဆိုနေကြသည်။

ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ကျနော်တို့ သရက်ခရိုင် တပ်ရင်း-၄ (EAGLE FORCE) တပ်ဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေး ဝန်ကြီးဌာနက ပေးအပ်လာမည့် တာဝန်များကို ကျေပြွန်အောင်ထမ်းရွက်၍ စစ်အာဏာရှင်စနစ် အပြီးပြတ် ကျဆုံးသည်အထိ ဆန့်ကျင်တော်လှန်သွားမည် ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်ဟု လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ဖေါ်ပြထားသည်။

NMG – ပေးပို့သည်။