မကွေးတိုင်းရှိ က.ပ.စ စက်ရုံ ၃ ခုကို လျှပ်စစ်ပေးနေသော ဓာတ်အားခွဲရုံ တိုက်ခိုက်ဖျက်ဆီးခံရ

By MPM 7 ဧပြီ, 2025 👁 4

မကွေးတိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ ၃ ခုနှင့် လေကြောင်းရန် ကာကွယ်ရေး ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်တို့ကို လျှပ်စစ်ပေးနေသည့်ဓာတ်အားခွဲရုံကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဗမာ့တပ်တော် Bamar Army က ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မကွေးတိုင်းအတွင်းရှိ က.ပ.စ ၂၀၊ ၂၁၊ ၂၅ နှင့် အမှတ် ၉ လေကြောင်းရန် ကာကွယ်ရေးကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်တို့ကို လျှပ်စစ်မီးပေးနေသည် စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံးကို မတ်လ ၃၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Bamar Army က ပြောသည်။

တိုက်ပွဲကြာမြင့်ချိန် ၄ နာရီခွဲထိရှိခဲ့ပြီး ဓာတ်အားခွဲရုံရှိ ထရမ်စဖော်မာအလုံး ၈၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့သည့်အတွက် က.ပ.စ စက်ရုံများ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး ကာကွယ်ရေးအဖွဲ့များဘက်မှ ၁ ဦး ကျဆုံးကာ က.ပ.စ များ၏ စစ်ဆင်ရေးနှင့်ထုတ်လုပ်ရေး ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗမာ့တပ်တော်၊ အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးမှူးက ဦးစီးပြီး ဗမာ့တပ်တော်တပ်ရင်း ၇၀၇၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ ဂန့်ဂေါခရိုင် ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ် ပကဖတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ် ပကဖတပ်ဖွဲ့၊ မကွေးတိုင်း ဒရုန်းလက်ရုံး တပ်ဖွဲ့၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။