မကွေးတိုင်း လက်ပံတံခါးရဲစခန်းကို PDF ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်

By MPM 26 စက်တင်ဘာ, 2023 👁 2

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို စက်တင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရသည်။

စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေသည့် လက်ပံတံခါးရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အချိန် ၄၅ မိနစ်ကြာ ဖြစ်ပွားခဲ့သည့် အဲဒီစီးနင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုသည်။

“စခန်းထဲထိ ဝင်ရောက်ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်၊ စခန်းသိမ်းဖို့အထိ ရည်ရွယ်ထားပေမယ့် မြေပြင်လိုအပ်ချက် တွေရှိနေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” PRA Magway စစ်ဦးစီးချုပ် ဟာကြူလီက ပြောသည်။

ရဲစခန်းစီးနင်းတိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway)၊ အထက်မင်းလှ ပကဖ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မကွေးပကဖ)၊ အရှိုချင်း ကာကွယ်ရေးတပ် (ACDF) နဲ့ Key Of Revolution ပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရသည်။

မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ မကွေးတိုင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း လွတ်မြောက်ရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။