ဘုတ်ပြင်းတွင် စစ်ကောင်စီတပ်ဒရုန်းနှင့် ဗုံးကြဲမှုကြောင့် ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရ

By MPM 29 ဧပြီ, 2025 👁

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းနှင့်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ လေညာတပ်နယ်ဘက်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်ကြီးမဏ္ဍိုင် ရပ်ကွက်အတွင်းရှိ နေရာငါးခုကို ဒရုန်းနှင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောပါသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်ကြီးမဏ္ဍိုင်လမ်းဆုံအနီးရှိ နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်အရွယ် ဆယ်တန်းကျောင်းသူတစ်ဦး ခါးတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီက ဒရုန်းနှင့် ဗုံးသီးရမ်းသမ်းကြဲချတာကြောင့် ဒေသခံပြည်သူတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရသည်ဟု ၎င်း ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။