ဘုတလင်လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ဒေသခံ ၇,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရ

By MPM 24 အောက်တိုဘာ, 2026 👁 50

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တောင်ခြမ်းရှိ ကွမ်းခြံကျေးရွာ နှင့် အင်းတောကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ဒေသခံ ဦးရေ ၇,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေ၍ ကွမ်းခြံ၊ အင်းတော၊ စေသူ၊ ပန်းတိမ်မြင် နှင့် စုန်းချောင်း စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

“နေ့တိုင်းလိုလိုပဲ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်တာတွေ ကြုံနေရတာ ။ နေ့ခင်းဘက်ဆို ဂျိုင်ရို သုံးစီးနဲ့ ပတ်ပြီးဗုံးကြဲတယ်။ ညဆိုလက်နက်ကြီးနဲ့ မပြတ် ပစ်ခတ်တယ်။စိုးရိမ်စိတ်နဲ့ ဘာလုပ်ငန်းမှ မယ်မယ်ရရ မလုပ်နိုင်ကြဘူး” ဟု ဒေသခံ အမျိုးသမီးတဦးထံက သိရသည်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် ကပ်လျက်ရှိသည့် ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုကာ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။

ဒေသခံ ဦးရေ ၇,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

စက်တင်ဘာလ ၂၀ ရက်က ကွမ်းခြံကျေးရွာ နှင့် အင်းတောကျေးရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ခြောက်ဦးသေဆုံးခဲ့သည်။

“နမခ တက် ဂျိုင်ရိုတွေက ချင်းတွင်းမြစ် အနောက်ဘက်ကမ်းအထိ ပြန်ဝဲပြီး၊ နမခ ပြန်ဆင်းတဲ့ နည်းပရိယာယ်သုံးပြီး ဗုံးကြဲခံတာပါ” ဟု အမျိုးသမီးခြောက်ဦးသေဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်၍ ကွင်းခြံဒေသခံ အမျိုးသားတဦးက ဆိုသည်။

အောက်တိုဘာ ၉ ရက်နေ့တွင်လည်း နမခ အနီးစေသူရွာ သစ်ကွင်းကို ဂျိုင်ရို နှစ်စီးဖြင့် ဗုံးကြဲတိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတဦးသေဆုံးကာ ကိုးဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

မဇ္ဈိမ