ဘီးလင်းမြို့နယ် အလူးလေးရွာအတွင်း အရပ်သားနေအိမ် (၄) လုံးအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

0
323

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးရွာတွင် ဧပြီလ (၁၂) ရက်နေ့က စစ်ကောင်စီမှ အရပ်သားနေအိမ် (၄) လုံးကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။

အဆိုပါနေ့မနက်ပိုင်းက အလူးလေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက နေအိမ်များအား ထိုသို့မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဝင်းပြန်ရွာ စစ်ကောင်စီတပ်စခန်းမှ ပစ်ကူတိုက်ခိုက်ခဲ့သောလက်နက်ကြီးကြောင့် ရွာခံအမျိုးသမီးကြီးတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သလို ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မီးရှို့ခံလိုက်ရတဲ့အိမ် (၄) လုံးက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ၊ တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးကြတာဆိုတော့ အိမ်ရှင်တွေကတော့ ဘာမှမဖြစ်ဘူး။ လက်နက်ကြီးက အလူးကြီးအရှေ့ရွာဘက်ကိုကျပြီး အဘွားတစ်ယောက် လက်မောင်းကိုရှပ်ထိသွားတယ်။ ပြီးတော့ တိုက်ပွဲဖြစ်တုန်း မြို့ပေါ်ကနေ ရွာဘက်ပြန်လာတဲ့ ရွာသားတစ်ချို့ရဲ့ကားတွေ၊ဆိုင်ကယ်တွေလည်း စစ်တပ်ကသိမ်းတာခံလိုက်ရတယ်။ လောလောဆယ်တော့ အလူးရွာခံတွေအားလုံးနီးပါးပြေးကုန်ကြပြီ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် အလူးကျေးရွာနှင့် ဝင်းပြန်အစရှိသည့် ကျေးရွာများတွင် စစ်ကောင်စီက လူအင်အားထပ်မံဖြည့်တင်းထားပြီး စစ်ရေးအခြေအနေတင်းမာမှုများရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ဒေသခံများ၏အခြေအနေနှင့်ပတ်သက်၍ အခြားဒေသခံတစ်ဦးကလည်း “ရွာသားတွေကတော့ လောလောဆယ် ဆွေမျိုးနီးစပ်ရာနဲ့ ဘေးလွတ်တဲ့နေရာတွေမှာ တိမ်းရှောင်နေရတယ်။ စစ်တပ်က ရွာတွေမှာ ခြေကုပ်ယူထားချင်တာ။ တိုက်ပွဲဖြစ်‌တော့ ကြွက်မနိုင်ကျည်မီးရှို့တဲ့သဘောနဲ့ အိမ်တွေကိုမီးရှို့တာပဲ။” ဟု ၎င်းကပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့များ၏ နှစ်ဖက်ထိခိုက်ကျဆုံးမှုအား သိရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကေအိုင်စီက ကြိုးပမ်းဆက်သွယ်နေဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၂၉) ရက်နေ့က အလူးကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီယာဥ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါစစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ(၂)ဦး ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်။

ထို့နောက် မတ်လ (၃၁) ရက်နေ့မှစ၍ အဆိုပါကျေးရွာများတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးတပ်ဆင်ကာ တပ်စွဲထားသောကြောင့် ဒေသခံများအနေဖြင့် အလုပ်အကိုင်ကောင်းစွာမလုပ်ကိုင်နိုင်ဘဲ စိုးရိမ်ထိတ်လန့်မှုဖြင့်နေထိုင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here