စစ်ကိုင်းတိုင်း ဗန်းမောက်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က လျှပ်စစ်ရုံးနှင့် စျေးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးနှင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“ဖြစ်တာက လျှပ်စစ်ရုံးနားမှာ ဖြစ်တာ။ ကျွန်တော်ဆေးခန်းပြနေတုန်း ကျွန်တော့်နောက်ဘက်မှာ ဖြစ်သွားတာ။ အသံတော်တော်ကျယ်တယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရဲတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိပြီး အရပ်သားတစ်ဦး ဝဲဘက် ညှပ်ရိုးအောက်နားနှင့် ကားသမားတစ်ဦး လက်မောင်းတွင် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
“နှလုံးအထက်နား ရင်ဘတ်မှာ ထိတဲ့တစ်ယောက်တော့ ဒဏ်ရာနည်းနည်းပြင်းပုံရတယ်။ ဆေးရုံတင်ထားရတယ်။ ရဲကတော့ ပေါင်မှာ ရှပ်မှန်သွားတာပါ” ဟု ဗန်းမောက်မြို့တွင်း ရောက်ရှိနေသူတစ်ဦးက ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲပြီး ရဲစခန်းအတွင်းသို့လည်း ၇၉ ကျည်ဖြင့် ပစ်ခတ်သွားသဖြင့် မြို့နယ်ရဲမှူး၏ အိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့ကဆောင်ရွက်ကြောင်း မသိရသေးသ်ောလည်း ပစ်ခတ်သူများသည် ဗန်းမောက်မြို့အနောက်ဘက် စက်တောကျေးရွာဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။