ဗန်းမောက်တွင် စစ်ရှောင်ကူညီပြီး စာပေသင်ကြားပေးနေသည့် ကတူးဆရာတော်များ ခြိမ်းခြောက်ခံရ

By MPM 28 မေ, 2026 👁 4

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေပြီး ကတူးစာပေသင်ကြားပေးနေသည့် ကတူးဆရာတော်များ ခြိမ်းခြောက်ခံနေရသဖြင့် မြို့ကြီးများသို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြရကြောင်း ကတူးလူငယ်များအဖွဲ့ချုပ်ထံက သိရသည်။

စစ်ရှောင်ကာလ ကြာမြင့်လာသဖြင့် နေရပ်ပြန်လိုသည့် စစ်ရှောင်ပြည်သူများအတွက် ဆရာတော်များက ဒေသ တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို မေတ္တာရပ်ခံ ညှိနှိုင်းပေးခဲ့မှုများ၊ စာပေသင်ကြားပေးမှုများကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်ခံရခြင်း ဖြစ်သည်ဟု ကတူးလူငယ်များအဖွဲ့ချုပ် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“SNA ဘက်ကိုလည်း မေတ္တာရပ်ခံရသလို PDF ဘက်ကိုလည်း မေတ္တာရပ်ခံပေးတာမျိုး ရှိပါတယ်ဗျ။ စစ်ရှောင်နေရပ်ပြန်ရေး လုပ်ဆောင်ပေးတာရယ်၊ ကတူးစာပေသင်ကြားရေး ဆောင်ရွက်နေတဲ့ ကိစ္စတွေအတွက် မိုင်းသုန်ကောင်စီအမည်ခံ ကိုမျိုးသိန်းဦးကနေ ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ်ဟုဆိုကာ ဖမ်းဆီးသတ်ဖြတ်လို့ ရတယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီး စာပေသင်ကြားရေး ဆက်လုပ်ပါက ဖမ်းဆီးအရေးယူမယ်လို့ ဆိုလာပါတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ကတူးဆရာတော်များသည် ဗန်းမောက်မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေပြီး၊ မြောက်ပိုင်းဒေသတွင် ကတူးစာပေသင်ကြားရေးကိုပါ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

“ကတူးဆရာတော် သံဃာတော်များဟာ ဗန်းမောက်မြို့နယ် တောင်ပိုင်းမြောက်ပိုင်းမှာ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေပြီး မြောက်ပိုင်းမှာ ကတူးစာပေသင်ကြားရေး ဆောင်ရွက်ပေးနေပါတယ်ဗျ။ SNA ထိန်းချုပ်ရာ ဗန်းမောက်အနောက်ခြမ်းဘက် ရောက်သွားတာလည်း ရှိသလို တော်လှန်ရေးထိန်းချုပ်နယ်မြေ တောင်ပိုင်း မြောက်ပိုင်းဘက် ရှောင်လာကြတာလည်း ရှိပါတယ်ဗျ” ဟု ကတူးလူငယ်များအဖွဲ့ချုပ် တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိအချိန်တွင် ကတူးသံဃာတော်အဖွဲ့အနေဖြင့် လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေသည့်အတွက် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသို့ ပြန်လည်ကြွရောက်ရန် စီစဉ်ဆောင်ရွက်နေကြရကြောင်း သိရသည်။

မိုင်းသုန်ကောင်စီမှ ကိုမျိုးသိန်းဦး ဆိုသူကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်သွယ်ရခဲ့ပါ။

ဗန်းမောက်မြို့နယ်သည် ရွှေတွင်းများပေါများပြီး သယံဇာတ ကြွယ်ဝသည့်အပြင်၊ ဒေသတွင်း၌ လက်နက်ကိုင်အဖွဲ့အစည်း အမြောက်အမြား လှုပ်ရှားသွားလာနေသည့် နယ်မြေတခုလည်း ဖြစ်သည်။

မဇ္ဈိမ