ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ဒေသခံများသည် လက်ရှိတွင် စစ်ရှောင်စခန်းအနေဖြင့် စုပေါင်းနေထိုင်ကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်း လိုအပ်ချက် များပြားနေသည်ဟု စစ်ရှောင်စခန်းကော်မတီထံက သိရသည်။
ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရချိန် ဒေသခံများသည် ဘုန်းကြီးကျောင်း၊ အသိမိတ်ဆွေ အိမ်များနှင့် နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေထိုင်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိချိန်၌ စစ်ရှောင်စခန်း အနေဖြင့် စုပေါင်းနေထိုင်ကြသည်မှာ တလဝန်းကျင်ရှိပြီဖြစ်ဟု စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးက ပြောသည်။
“အဓိက ခြင်ထောင်လိုမယ်၊ အိုးခွက်ပန်းကန်လိုမယ်၊ အိမ်တွင်းသုံး ဓားတွေဓားမတွေ အဲ့ဟာတွေလိုသေးတယ်။ ဆန်ပေးတယ် ဆီပေးတယ် ပြီးတော့ငါးသေတ္တာတွေပေးတယ်။ အဲ့ဒါတွေ ပထမပိုင်း လူဦးရေသိပ်မများတော့ အိမ်တိုင်း ရတယ်။ လူဦးရေများလာတော့ အလှူရှင်တွေ မလာတော့ ငါးသေတ္တာတွေ ဆီတွေ ကြက်သွန်တွေ ဟင်းချိုမှုန့်တွေဆို ပြတ်လပ်တာပေါ့” ၎င်းက ပြောသည်။
ဆက်လက်ပြီး အဆိုပါကော်မတီဝင်က “အဲ့ခါကျတော့ ကိုယ့်ဟာကို ရှိတဲ့ဟာနဲ့ ချွေတာပြီး ဝယ်ရတာ။ တမိသားစု တယောက်ကို တစ်ရက် ဆန် ၂ ဗူးနှုန်းနဲ့ ပေးတယ်။ တပတ်စာဆို တပတ်စာနဲ့ပေးတယ်။ အဓိက လိုအပ်ချက်က အစားအသောက် ကျန်းမာရေးအတွက် ဆေးဝါးတွေလိုမယ်” ဟု ပြောပါသည်။
ထိုစစ်ရှောင်စခန်း၌ ကလေးငယ်နှင့် သက်ကြီးရွယ်အို အများဆုံးဖြစ်ပြီး နာတာရှည်ရောဂါသည် ၂၀ ကျော် ရှိကြောင်းလည်း သိရသည်။
အလားတူ စစ်ရှောင်စခန်းအတွင်း ဆေးပေးခန်းမရှိသေးတာကြောင့် တစ်ပတ်ကိုနှစ်ရက် တနင်္လာနေ့နှင့် သောကြာ နေ့များတွင် ကျန်းဆရာမများက ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ပြုလုပ်ပေးသည်ဟု ဆိုသည်။
ယင်းအပြင် စစ်ရှောင်စခန်းတွင် လာမည့်စာသင်နှစ်အတွက် KG တန်းမှ အလယ်တန်းအဆင့်ထိ စာသင်ကျောင်း ဖွင့်လှစ်ရန် စီစဉ်နေပြီး စာရင်းကောက်ယူထားသော ကျောင်းသားဦးရေ ၁၇၀ ဝန်းကျင်ရှိကြောင်းနှင့် အထက်တန်း အဆင့် ကျောင်းသားများအတွက် သင်ကြားပေးနိုင်မည့် ကျောင်းဆရာ၊ ဆရာမ မရှိသေးကြောင်း သိရသည်။
စစ်ရှောင်စခန်းကော်မတီဝင်က “ဒီမှာရှိတဲ့ စာသင်ပေးမယ့် ဆရာမတွေက မလုံလောက်ဘူး။ Grade 11 ၊ Grade 12 တွေတက်မယ်ဆိုရင် လုံးဝမလုံလောက်ဘူး မရှိဘူး။ စစ်ရှောင်ထဲမှာက မူလတန်း၊ အလယ်တန်းပဲ ပါတယ်။ အထက်တန်းက မပါဘူး ဟိုတနေ့က ပြောတယ်။ စာရင်းကောက်ခိုင်းတော့ အထက်တန်းပြကမရှိတော့ မဖွင့်ဘူး ပေါ့၊ အလယ်တန်းထိပဲ ဖွင့်မယ်တဲ့၊ ၆ လပိုင်း စောစောဖွင့်မယ်လို့တော့ ပြောတယ်” ဟု ဆိုသည်။
အဆိုပါစစ်ရှောင်စခန်း၌ ဖားဆောင်းမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ကွက်သစ်၊ တောင်ပေါ်၊ စုစည်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ပါပု၊ နန်းကစ် ကျေးရွာများက ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများ စုပေါင်းနေထိုင်ကြပြီး အိမ်ခြေ ၂၆၅ အိမ်၊ လူဦးရေ ၇၀၀ ကျော် ရှိကြောင်း သိရပါသည်။
စစ်ရှောင်နေထိုင်သူ လူဦးရေ များပြားလာတာကြောင့် ရေပုံး၊ ထမင်းအိုး၊ ဟင်းအိုး၊ ပန်းကန်၊ ခွက် စသည့် မီးဖိုချောင်သုံး ပစ္စည်းများလည်း လိုအပ်နေသည်ဟု သိရှိရသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။