ဖားကန့်ရှိ SNA တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

By MPM 8 ဩဂုတ်, 2023 👁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီး ကသိုဏ်းတောင်နှင့် ဆယ်ဇင်းကြိုးတံတားအနားရှိသည့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တို့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ပြီး စခန်း ၂ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောသည်။

“ကသိုဏ်းတောင်ကို သိမ်းလိုက်နိုင်ပြီ။ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာ စိုးလို့ တားထားတဲ့သဘော၊ အဓိကတော့ ကသိုဏ်းတောင်ကို တိုက်တာ၊ ကသိုဏ်းတောင်ကို ၈ နာရီ လောက်မှာ သိမ်းလိုက်နိုင်ပြီ။ စခန်းကိုလည်း အားလုံးမီးရှိုဖျက်ဆီးလိုက်နိုင်ခဲ့ပြီဆိုပြီး အဲမှာနေတဲ့သူတွေက ပြောလာတယ်လို့” KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့ မနက် ၅ နာရီမှာ ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများ တပ်မတော် SNA တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုခဲ့သည်။

KIA ဘက်က တနေ့ထဲမှာပဲ ဖားကန့်မှာရှိသည့် နမ့်မော်၊ ကသိုဏ်း စစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကို ဝင်ရောက် တိုက်ခိုက်တာက ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့ SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။

“အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ ဒါပေမယ့် လက်နက်ကိုင်ထားတဲ့ သူတွေဆိုတော့ ကိုယ်ပစ်သူပစ်ပေါ့၊ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်လို့” အဆိုပါ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။

နှစ်ဖက်ပစ်ခတ်မှု တိုက်ပွဲသည် ယင်းနေ့ မနက် ၈ နာရီ အထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ကူတာတွေ ရှိခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်များက ပြောသည်။

KIA က သွားရောက်တိုက်ခိုက်ခဲ့တဲ့ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်း အနီးပတ်ဝန်းကျင်တွင် လယ်ယာလုပ်ကိုင် စားသောက်နေသည့် အရပ်သားပြည်သူများကို စစ်ဆေးတာ၊ အခွန်ကောက်ခံတာ ပိုမိုဆိုးရွား လာသည့်အတွက် ခုလိုသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

နမ့်မော်ရွာနားရှိ စစ်ကောင်စီတပ်စခန်းနှင့် ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းသည် ဖားကန့်အခြေစိုက် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါသည့် တောင်ကုန်းတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောသည်။

“အဲနမ့်မော်ဆိုတာကလည်း စစ်ဗျူဟာအရ အရေးပါတဲ့နေရာဖြစ်တယ်။ အဲကနေ ဆိုင်းတောင်ရွာ တစ်လှမ်းမိုးနိုင်တဲ့ အမြင့်မှာရှိထားတာ၊ ဆိုင်းတောင်ရွာရဲ့ တောတစ်ခြမ်းကိုကာထားတာ နမ့်မော်ရဲ့ဟိုဘက်မှာ ကသိုဏ်းတောင် ကသိုဏ်းတောင်တစ်ဖက်ဆိုရင်တောတွေပဲ ရှိတော့တယ်။ စစ်ရေးအရဆိုရင် တာမခံ၊ ဟောင်ပါးကို ဖြတ်တောက်နိုင်တဲ့နေရာ ဖြစ်တယ်လို့” အဆိုပါဒေသခံက ပြောပါသည်။

နမ့်မော်ရွာစခန်းကုန်းနှင့် ကသိုဏ်းတောင်စခန်းကုန်းများသည် ဖားကန့်မြို့နှင့် ၁၀ မိုင် ကျော်ဝေးပြီး တပ်စခန်းတွင် အင်အား ၆၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်အတွက် အဓိက တပ်စခန်းကုန်း တစ်ခုလို့လည်း သိရပါသည်။

ဖားကန့်တွင် ပြီးခဲ့သည့် ဇူလိုင်လကလည်း ပန်းတင်တံတားမှာရှိသည့် စစ်ကောင်စီတပ်ရဲ့တပ်စခန်းဂိတ်တစ်ခုကို KIA နှင့် PDF တို့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်တပ်ဘက်က ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည်။

KNG ပေးပို့သည်။