ဖလူးတွင် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး လေကြောင်းဒဏ်ကြောင့် စစ်ဘေးရှောင်များ ထပ်မံ နေရာရွေ့ပြောင်း

By MPM 22 မတ်, 2026 👁 2

ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ထိုင်း – မြန်မာနယ်စပ်အနီးရှိ မင်းလက်ပံ၊ ဖလူးဒေသတဝိုက်၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်များ နေရာထပ်မံ ပြောင်းရွှေ့နေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ဖလူး ကျွန်းတောနှင့် ဘုရားကုန်းအနီးတဝိုက်၌ ယမန်နေ့ မတ်လ ၂၁ ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“မနက် ၄ နာရီလောက်ကတည်းက ဖြစ်တာ။ ပြီးတော့ နေ့လယ်စာစားပြီးလောက်ကျတော့ လေယာဉ်သုံးခေါက်ဝဲပြီးတော့ ကျွန်းတောဂိတ် ဗိုလ်ကလနဘက် အဲ့ဒီစစ်ဘေးရှောင်တွေဘက်နဲ့ ရသေ့ဂူနားက ဖိုးငြိမ်းဘုရားဘက်ကို ကြဲသွားတယ်။ ဘုရားနှစ်ဆူ ပြိုသွားတယ်။ ဒီနေ့ကတော့ အခြေအနေ နည်းနည်းအေးဆေးပါတယ်” ဟု မင်းလက်ပံသတင်းရင်းမြစ်က ပြောသည်။

မြဝတီမြို့နယ် တောင်ဘက်ခြမ်းအား အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက် စစ်ကော်မရှင်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းသုံးကြောင်းခွဲကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထို ထိုးစစ်ကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများကိုသာမက အရပ်သားများ နေထိုင်ရာ ဒေသများနှင့် စစ်ဘေးရှောင်များနေထိုင်သည့် စစ်ရှောင်စခန်းများသို့ပါ လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေ၍ အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်းတို့ မကြာခဏဖြစ်ပေါ်နေ၍ စစ်ရှောင်များမှာ နေရာ ပြောင်းရွှေ့မှုများ ပြုလုပ်နေကြကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ဒီဘက် ထိုင်းဘက် မဲ့ကိုကင်းဘက်တို့ ကျောက်ခတ်ဘက်တို့ကို တော်တော်များများ ရွှေ့ကုန်ကြပြီ၊ အမိုးပြာစခန်းထဲမှာဆို ဆေးခန်းတွေ ဆရာ၊ ဆရာမတွေလည်း မရှိတော့ဘူး။ လူတော့ နည်းနည်းကျန်သေးတယ်။ နေရဲတဲ့သူလောက်ပဲ။ ကျန်တာ ရွှေ့ကုန်ကြပြီ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရွှေ့ပြောင်းနေသူများတွင် ဖလူးဒေသတဝိုက်ရှိ ကျားဖြန့်လုပ်ငန်းခွင်များပါ ပါဝင်ပြီး လက်ရှိတွင် ဖလူးဒေသရှိ ကျွန်းတော၊ ဖားနှစ်ကောင်၊ ဖလူးဆိုဒ် စသည့် ကျားဖြန့်လုပ်ငန်းအများစုမှာ အင်ကြင်းမြိုင်နှင့် ဘုရားသုံးဆူဘက်သို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

တိုက်ပွဲများကြောင့် မင်းလက်ပံ၊ ဖလူး ဒေသတဝိုက်မှ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများစွာ လိုအပ်နေကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။

မဇ္ဈိမ