ဖလမ်းမြို့ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ခြေကုတ်ယူတပ်စွဲခဲ့တဲ့ ဖလမ်းမြို့နယ်အတွင်းက ဆွမ်ဟရန် (Sumhrang) ရွာကို ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က နေရပ်ပြန်လာတဲ့ ဒေသခံ အမျိုးသားတစ်ဦး ဗုံးအကြွင်းအကျန် နင်းမိလို့ ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွ့ဲတွေ ဆွမ်ဟရန် ကျေးရွာကနေ ဆုတ်ခွာသွားပြီးနောက် ဒေသခံတွေဟာ ၎င်းတို့နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ အတွက် ကျေးရွာအတွင်း ပြန်လာနေကြတာဖြစ်ပြီး တိုက်ပွဲပဋိပက္ခတွေအတွင်း နေအိမ် အလုံး ၄၀ ကျော်အထိ ပျက်စီးခဲ့ရတယ်လု့ိ ဒေသခံတွေကပြောပါတယ်။
ဒေသခံတစ်ဦးက “မပေါက်ကွဲသေးတဲ့ ဗုံးနင်းမိလို့ ဒဏ်ရာအပြင်းအထန် ရသွားတဲ့သူကို ဟားခါးဆေးရုံပို့ဆောင်ထားပြီး ဆေးကုသထားတယ်လု့ိသိရတယ် အခုလို ဖြစ်သွားတော့ စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်လာဖို့ တော်တော်လေး စိုးရိမ်သွားကြတယ် မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှိနေနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်ပေါ့” လို့ ပြောပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးအကြွင်းကျန် နင်းမိလို့ ဆေးကုသမှုခံယူနေရတဲ့ ဆွမ်ဟရန် ဒေသခံအမျိုးသားဟာ အသက် ၅၇ နှစ်အရွယ် ရှိသူဖြစ်ပြီး ဇနီးနဲ့ သားသမီး ၃ ဦးရှိသူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။
ဖလမ်းမြို့နဲ့ ၁၄ မိုင် ဝန်းကျင်အကွာဝေးမှာရှိတဲ့ ဆွမ်ဟရန်ကျေးရွာအနီးအနားမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဖလမ်းထိုးစစ်ဆင်တုန်းက ခြေကုတ်ယူခဲ့ကြတာဖြစ်ပြီး ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ နေရာတွေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ရွာမှာ နေရပ်ပြန်လာတဲ့ အသက် ၇၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ အသက်ဆုံးရှုံးသွားခဲ့ရပြီး ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုအလွန် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလကစလို့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးသူ လူဦးရေဟာ ၈၀ ကျော်ရှိနေခဲ့ပြီး ထိခိုက်ဒဏ်ရာရသူဟာလည်း ၁၃၅ ဦးကျော်ရှိခဲ့ပြီလို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
Chin World