ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား အာဏာသိမ်းစစ်တပ် သယ်ယူနေ

By MPM 22 ဇွန်, 2026 👁 4

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။

ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် အာဏာသိမ်းစစ်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့်သယ်ယူနေကြောင်း ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့် စနိုက်ဘာ ရှေ့တန်းရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူတွေ စစ်ရှောင်နေတော့ အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကို သူတို့ ဝင်ပြီး ယူတာ။မနေ့ (ဇွန်လ ၂၁ ရက်) ကလည်း ရွာထဲဝင်ပြီးယူတယ်။သူတို့နဲ့ နီးနေတော့ မြင်နေရတယ်။ တောင်စလုံးရွာနားမှာလည်း ကာကင်းတွေလည်းလုပ်နေတာ” ဟု စနိုက်ဘာ ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ နေအိမ်များတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းများနှင့် အိမ်ခေါင်မိုးများကို အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များက ကားဖြင့် သယ်ယူသွားပြီး အချို့ကို ရောင်းချခြင်း၊ အချို့ကို ကာကင်းတည်ဆောက်ရာတွင် ပြန်လည်အသုံးပြုနေကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင်လည်း တောင်စလုံးကျေးရွာ အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်တော်လှန်ရေး တပ်ပေါင်းစုတို့ စစ်ရေးတင်းမာနေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသည့် ကျေးရွာအချို့နှင့် တောတောင်အတွင်းကို အာဏာသိမ်းစစ်တပ်က ၅ ကြိမ်းထပ်မနည်း လေကြောင်းတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် တောင်စလုံးကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းကြောင့် ဒေသခံများ အနီးအနားရှိ ကျေးရွာများ နှင့် တောတောင်အတွင်း စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

“ရွာထဲမှာလည်း မီးရှို့ခံထားရတော့ ဘာမှကို ရစရာမရှိဘူး။ ဒေသခံတွေက ရွာကိုလည်း မပြန်နိုင်သေးဘူး။ ခုသူတို့ ကရင်နီနယ်စပ် အနီးက ရွာတွေမှာ စစ်ရှောင်ကြတာ” ဟု စနိုက်ဘာ ရှေ့တန်းရဲဘော်တစ်ဉီးက ပြောသည်။

လက်ရှိ ဖယ်ခုံမြို့ တောင်စလုံးကျေးရွာဒေသခံ ၁၀၀၀ ကျော်သည် ကရင်နီပြည်နယ် နယ်စပ်အနီးရှိ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြသကဲ့သို့ အချိ့သည် ပင်လောင်းမြို့နယ်ဘက်သို့ တိမ်းရှောင်သွားကြကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃) ရက် နှင့် ဒီဇင်ဘာလ (၂) ရက်တွင် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် တောင်စလုံးကျေးရွာ အပြင် ဘောရန်ကျေးရွာ၊ မြောက်စလုံးကျေးရွာ နှင့် စသည့် အနီးအနားရှိ ကျေးရွာများကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၈ လကျော်ကြာ တိုက်ပွဲများကြောင့် ဖယ်ခုံမြို့ အနောက်ခြမ်း ကျေးရွာ (၁၀) ရွာခန့်မှ နီးစပ်ရာ ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံ ၆၀၀၀ ဝန်းကျင်သည် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်