ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီလိုအပ်

By MPM 8 ဖေ‌ဖော်ဝါရီ, 2026 👁 2

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀) ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ဘေးရှောင် (၆၀၀၀) ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံများသည် ပြီးခဲ့သည့် ၂၀၂၅ စက်တင်ဘာလမှစတင်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများ ဖြစ်သည်။

“အခုက ဖယ်ခုံ အနောက်ဘက်ခြမ်းက စစ်ရှောင်နေရာတွေက ရေတွေပြတ်နေကြတာ။ အကူအညီလာတောင်းနေတဲ့ စစ်ရှောင်တွေရှိတယ်။ စစ်ရှောင်တွေ နေကြတဲ့နေရာတွေက ရေရှားတဲ့နေရာဖြစ်ပြီးတော့ ရေရှိတဲ့နေရာနဲ့လည်း အလှမ်းဝေးတဲ့နေရာပါ။ ဒါကြောင့်မလို့ သောက်သုံးရေအတွက် အခက်အခဲတွေ ကြုံတွေ့ကြရတာ” ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်များ တိမ်းရှောင်နေသည့် နေရာနှင့် ရေရရှိသည့် နေရာသည် ကား၊ ဆိုင်ကယ်ဖြင့် ၂ နာရီနီးပါး သွားပြီး သယ်ယူရကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ထပ်လောင်းပြောသည်။

“ကျနော်တို့နဲ့ မနီးမဝေးမှာရှိတဲ့ စစ်ရှောင်တွေဆိုရင် ရေရှိတဲ့နေရာနဲ့ ဝေးတယ်။ သူတို့အတွက်ဆိုရင် ကားတွေနဲ့ ရေသယ်ကူပေးရတယ်၊ သူတို့နေနေတဲ့ နေရာက ရေရှားလို့လေ။ သောက်သုံးဖို့ရေကို ၂ နာရီဝန်းကျင်လောက် ဝေးတဲ့နေရာမှာ သွားသယ်ကူရတာ” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထိုစစ်ဘေးရှောင်များသည် သောက်သုံးရေ ပြတ်လပ်ပြီး အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် ဆေးဝါးစောင့်ရှောက်မှု အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ တိုက်ပွဲများကြောင့် ကျေးရွာ (၁၀) ရွာခန့်မှ ဒေသခံ ၆၀၀၀ ဝန်းကျင်သည် နီးစပ်ရာ ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ကျေးရွာများမှာ ဘောရန် (အပေါ်)၊ ဘောရန် (အောက်)၊ ထီတမောင်း၊ ရေအေးကုန်း၊ လွယ်လုံ၊ ကသဲ၊ တောင်စလုံး၊ မြောက်စလုံးနှင့် ရေချမ်းကျေးရွာများဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်