ပွင့်ဖြူမြို့နယ်အတွင်း ပျူစောထီးလောင်းကစားဝိုင်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်ရောက် ပစ်ခတ်

0
378

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးဆောင်ပြီး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်ပစ်ခတ်ပြီး နောက် အဲဒီလောင်းကစားဝိုင်းကို ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့ ညနေပိုင်းက ပျူစောထီးခေါင်းဆောင် ဆိုသူကို Peacocks Brothers Urban Guerilla အဖွဲ့က ပစ်ခတ်ပြီးနောက် လောင်းကစားဝိုင်းကို ဖျက်သိမ်းခဲ့တာပါ။

“ မြို့နယ်မှာက လောင်းကစားဝိုင်းတွေအများကြီးပဲ။ ခုနေရာက အာဝါဒေးလိုကို လူတွေက အများကြီး။ ပွင့်ဖြူ-စလင်းလမ်းဘေးမှာပဲ။ စစ်ကောင်စီ ရဲ စစ်သားတွေကို ပိုက်ဆံပေးပြီးလုပ် ထားတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ကြက်ပွဲခေါင်းဆောင် ပျူစောထီး ပစ်သတ်ခံရပြီးနောက်မှာတော့ လောင်းကစားဝိုင်းမှာရှိတဲ့ ကွမ်းယာဆိုင်၊ ထမင်းဆိုင်နဲ့ အကြော်ဆိုင်တွေကို စစ်ကောင်စီက ညနေပိုင်းမှာပဲဖျက်ဆီး လိုက်တယ်လို့ သူက ပြောပါသေးတယ်။

Peacocks Brothers Urban Guerilla ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အောင်နိုင်းစိုးကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတုန်းက People’s Defence Force Pwintbyu က ပစ်ခတ်ခဲ့ပေမယ့် ဒဏ်ရာသာရရှိသွားပြီး ဆေးကုသလို့ ပြန်ကောင်းလာချိန်မှာ လောင်းကစားဝိုင်းတွေကို ပြန်လည်ဦးဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပွင့်ဖြူမြို့ပေါ်ကလွဲပြီး ရပ်ရွာတွေထဲမှာ လောင်းကစားဝိုင်းများစွာရှိနေပြီး စစ်ကောင်စီ ဝင်ငွေရအောင် ပျူစောထီးတွေက ဦးဆောင်လုပ်ပေးနေတာဖြစ်ပါတယ်။

အဲဒီလောင်းကစားဝိုင်းတွေကနေ တစ်ပတ် (၇) ရက်ကို ကျပ်သိန်း (၅၀) ကျော်အထိ လိုင်းကြေးဖွင့်လှစ်ကြတာဖြစ်ကာ စစ်ကောင်စီတပ်သားတွေအတွက် (၃) ပုံနဲ့ ရဲတပ်ဖွဲ့အတွက် (၂) ပုံပေးရတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူတွေကို နည်းမျိုးစုံ ဖိနှိပ်နေသလို လောင်းကစားဝိုင်းတွေကို နေရာအနှံ့လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here