ပြည်နယ်အစိုးရဖွဲ့စည်းပြီးနောက် ကဏ္ဍအသီးသီးတွင် ပိုမိုစနစ်ကျအားကောင်းအောင် လုပ်ဆောင် လာနိုင်မည်ဟု IEC ပြောဆို

By MPM 13 ဇွန်, 2023 👁

ကရင်နီပြည်နယ်အစိုးရ ဖွဲ့စည်းပြီးနောက် ပြည်နယ်၏ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး အစရှိသည့် ကဏ္ဍအသီးသီးအတွက် ရှေ့ဆက်လုပ်ငန်းစဉ်များအရ ပိုမိုစနစ်ကျ အားကောင်းစွာ လုပ်ဆောင်လာနိုင်မည် ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဒု-ဥက္ကဌ ခူဘီထူးက ပြောသည်။

IEC နှင့် ပြည်နယ်အစိုးရအား ကရင်နီပြည်နယ် အုပ်ချုပ်ရေးအတွက် အစိုးရတရပ် ပေါ်ပေါက် လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြောင်း ဇွန်လ ၁၂ ရက်က လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယင်းနေ့ညပိုင်း အွန်လိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် IEC ဒု-ဥက္ကဌ က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်၏ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များသည် ယခင်ကတည်းက အားကောင်းခဲ့သော်လည်း ပိုမိုစနစ်ကျနိုင်ရန် ပြည်နယ်အစိုးရ တရပ်အနေဖြင့် တော်လှန်ရေး အင်အားစုများနှင့် စုစည်း ဆွေးနွေး၍ ပြည်သူ့အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည် ဖြစ်ပြီး၊ ပညာရေးကတွင်လည်း အခြေခံ ပညာရေးမှ အဆင့်မြင့် ပညာရေးသို့ လူထုကြား ရောက်ရှိအောင် ဖော်ဆောင်မည် ဖြစ်ကြောင်း ခူဘီထူးက အခုလို ပြောဆိုသည်။

“ကာကွယ်ရေးပိုင်းမှာ လက်နက်တပ်ဆင်တဲ့ ကိစ္စပဲဖြစ်ဖြစ် စစ်ရေးအသုံးစရိတ်အတွက်ပဲ ဖြစ်ဖြစ် ရရှိလာတဲ့ ရန်ပုံငွေတွေကို ပွင့်လင်းမြင်သာစွာနဲ့ အသုံးချပြီး ပံ့ပိုးမှုတွေကို လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း ကျောင်းပေါင်း ၃၀၀ ရာကျော်နဲ့ ကျောင်းနေအရွယ် ကလေးပေါင်း ၃ သောင်းကျော်ရဲ့ ပညာရေးကို ကျနော်တို့ ယခင်က လုပ်ဆောင်ခဲ့တာ ရှိပေမယ့် ရှေ့လျှောက် ကျောင်းဆရာ၊ ဆရာမတွေကိုရော ပညာရေးအတွက်ရော ပိုမိုပံ့ပိုးပေးသွားနိုင်ဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် တရားဥပဒေ စိုးမိုးရေးအတွက် ယခင်ဖွဲ့စည်းပြီးသား ပြည်နယ်ရဲဌာနများ၏ ရှေ့လုပ်ငန်းစဉ်များကို အစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်မည် ဖြစ်ပြီး စစ်ရှောင်များအတွက် အကူအညီ ရရှိရန်နှင့် စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အောင်မြင်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

IEC ဖွဲ့စည်းရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ညှိနှိုင်း၍ အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ရေးဆွဲခဲ့သလို ချင်းပြည်နယ်၊ ကရင်ပြည်နယ် တို့တွင်လည်း ပြည်နယ်အစိုးရ ဖွဲ့စည်းမှု ရှိလာရန် ပုံဖော်နေမှုများ ရှိသည့်အတွက် သက်ဆိုင်ရာ ပြည်နယ်အစုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ညှိနှိုင်း၍ အုပ်ချုပ်ရေး ယန္တရားကို အားကောင်းစွာ ဆောင်ရွက်နေကြောင်း အဆိုပါ သတင်းစာရှင်းလင်းတွင် အသိပေး ပြောဆိုသည်။

IEC သည် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ၏ လုပ်ဆောင်ခဲ့ပြီးသား စီမံချက်များ အောက်တွင် အခြေခံ၍ အစိုးရတရပ်အနေဖြင့် အားကောင်းလာစေရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု IEC ဒု-အတွင်းရေးမှူး ဦးဗညားခွန်အောင်က မီဒီယာများ၏ မေးမြန်းချက်ကို အခုလို ဖြေကြားခဲ့သည်။

“ကျနော်တို့အနေနဲ့ အာမခံ နိုင်တာကတော့ လေယာဉ်ရန်တင်မကဘူး စားနပ်ရိက္ခာအတွက်သော်လည်းကောင်း၊ စစ်ကောင်စီရဲ့မြေပြင်ထိုးစစ်နဲ့ လက်နက်ကြီးရန်တွေကနေ အတတ်နိုင်ဆုံး လူထုကို ကာကွယ်နိုင်အောင် စီမံဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဦးဗညားခွန်အောင်က ပြောသည်။

IEC တွင် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစု အများစု ပါဝင်ပြီး ပြည်နယ်အစိုးရသို့ စုစည်း၍ ကျရာတာဝန် ထမ်းဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေမျိုး ဖြစ်ကြောင်း၊ ရှေ့လျှောက် အသွင်ကူးပြောင်းရေး အဆင့်သို့ သွားသည့်အခါ တော်လှန်ရေး အင်အားစုအားလုံး အပါအဝင် အားလုံးပါဝင်သည့် အသွင်ကူးပြောင်းရေးသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကော်မတီဝင်များက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

IEC သတင်းစာရှင်းလင်းပွဲကို ကောင်စီမှ တာဝန်ရှိသူများ အပါအဝင် သတင်းမီဒီယာ အသီးသီးမှ တာဝန်ခံများ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ တစ်ရာနီးပါး တက်ရောက်ခဲ့ကြပြီး မိနစ်လေးဆယ်နီးပါး ကြာမြင့်ခဲ့သည်။

ထို့အတူ IEC ဖွဲ့စည်း တည်ထောင်ခြင်းအပေါ် လက်ခံကြိုဆိုသည့် သဝဏ်လွှာကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC က ဇွန်လ ၁၂ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

ကေအိုင်စီ ပေးပို့သည်။