ပေါင်းတည်၌ စစ်အုပ်စု ပါရာမော်တာဖြင့် ဗုံးကြဲမှုကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် မြေးအဘိုး ၃ ဦးသေဆုံး

By MPM 18 အောက်တိုဘာ, 2026 👁 49

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း စစ်အုပ်စုတပ် လေကြောင်းမှ ပါရာမော်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ လသားအရွယ် မိန်းကလေးငယ်အပါအဝင် မြေးအဘိုးသုံးဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန်တွင် စစ်အုပ်စုတပ်က ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စုအတွင်း ပါဝင်သည့် ခုတ်ကြီး၊ ပြားကြီးရွာသို့ အင်းမအခြေစိုက် တပ်မ (၆၆) မှ တက်လာသည့် ပါရာမော်တာနှစ်စီးဖြင့် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်။

ထိုလေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ်တဲအတွင်း ရှိနေသည့် အသက် ၅၀ အရွယ် အဘိုးဖြစ်သူနှင့် အသက်ရှစ်နှစ်အရွယ် ယောက်ျားလေးတဦး၊ အသက်ရှစ်လခန့်အရွယ် မိန်းကလေးငယ်တဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“မြေးအဘိုးတွေပါ။ မိဘတွေက ယာခင်းထဲ သွားပြီး ပဲစိုက်နေတာ၊ အိမ်မှာအဘိုးနဲ့ ထားခဲ့တာပါ။ ဆည်ရင်းမှာနေကြတဲ့ ပြည်သူတွေပါ” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်တပ် လေကြောင်းဗုံးကြဲရာနေရာသည် ဝဲကြီးဆည်အနီးဝန်းကျင်၊ နတ်တလင်းမြို့နယ်အစပ် ဒေသရှိ ကျေးရွာအတွင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှု တစုံတရာမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟုလည်း သတင်းရင်းမြစ်တရပ်က ဆိုသည်။

ထိုနေ့ နံနက်ပိုင်း၌လည်း စစ်အုပ်စုတပ်က ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာနှင့် ပေါက်ပင်ကွင်းရွာဘက်သို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေးပြီး အရပ်သားများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိသည်။

မဇ္ဈိမ