မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်မှုထမ်းသင်တန်း တက်ရောက်မည့်သူမရှိသဖြင့် မိမိသဘောဆန္ဒဖြင့် လာရောက်လျှောက်ထားသူ volunteer ၁၀ ဦး ကျော်ကို အစားထိုးစာရင်းသွင်းထားသည်ဟု ပေါင်မြို့နယ် အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ပေါင်မြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးမှုးရုံးမှ စစ်မှုထမ်းရန် တစ်ရွာ ၂ ယောက်နှုန်းဖြင့် အမည်တပ်ဆင့် ခေါ်ခဲ့ပြီး ဆင့်ခေါ်ခံရသူတို့သည် ကျေးရွာတွင်နေထိုင်ခြင်း မရှိသည့်အတွက် ထိုသို့အစားထိုး စာရင်းသွင်းထား ရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူး စီစစ်ပြီးတော့မှ တစ်ရွာကိုနှစ်ယောက်နှုန်းနဲ့ နာမည်စာရင်းပို့လာတယ်။ ပို့ထားတဲ့ စာရင်းထဲက လူတွေက ရွာထဲမှာ မရှိဘဲနဲ့ တခြားမှာ အလုပ်သွားလုပ်နေကြတော့ မုတ္တမဘက်က volunteer ၁၀ ယောက် ကျော်ကိုပဲ ခေါ်ထားရတယ်ပေါ့” ဟု ၎င်းက ဆိုသည်။
အဆိုပါ volunteer ၁၀ ဦး ကျော် တို့သည့် မုတ္တမြို့ဒေသခံများဖြစ်ပြီး ကိုယ်တိုင်စစ်မှုထမ်းလို၍ volunteer အဖြစ် လာရောက်လျှောက်ထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“volunteer လုပ်ချင်တယ်ဆိုပြီး ဆန္ဒပြုထားတဲ့လူတွေ မုတ္တမဘက်ခြမ်းက ၁၀ ယောက် လောက်ရထားတယ်။ တခြားရွာက တစ်ယောက် ၊နှစ်ယောက်လောက်ရတယ်။ သူတို့ကိုယ်တိုင် ဆန္ဒပြုတဲ့လူတွေ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိစာရင်းသွင်းခံရသူတို့သည် သင်္ကြန်ကာလအလွန် မေလတွင် မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စစ်သင်တန်းကျောင်းသို့ တက်ရောက်ရမည်ဟု သိရသည်။
ထို့အပြင် စစ်မှုထမ်းမည့်သူတို့ကို ငွေကြေးထောက်ပံ့ရေးအပြင် ဒေသခံတို့ထံ ငွေကြေးကောက်ခံသည့်ကိစ္စ မရှိသေးကြောင်း အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူကပြောဆိုသော်လည်း ဒေသခံတို့ထံမှ အတည်မပြုနိုင်သေးပေ။
ပေါင်မြို့နယ်တွင် စစ်ကောင်စီ၏ လဝကရုံးမှ စစ်မှုထမ်းရန်အကြုံးဝင်သည့် လူငယ်စာရင်းတို့ကို ပေါင်မြို့နယ် စစ်ကောင်စီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကိုယ်တိုင်စိစစ်ပြီး လူငယ်များကို ဆင့်ခေါ်နေကြောင်း သိရသည်။
ထို့အပြင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ စစ်မှူးထမ်းဆောင်ရန် ရွေချယ်ထားသည့် ဒေသခံ ၃၅ ဦး တို့ကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က သက်ဆိုင်သည့် စစ်သင်တန်းကျောင်းနေရာသို့ အရောက်ပို့ဆောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။
IMNA ပေးပို့သည်။