ပုလောတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေရှိနေ

By MPM 13 ဖေ‌ဖော်ဝါရီ, 2023 👁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တစ်နေ့ကုန်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၆ နာရီလောက်က ထမင်းမစားကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ တပ်အင်အား ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အချိန် ၁၀ နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့သလို PDF ပူးပေါင်းတပ်က ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်မှာလည်း နတ်အိမ်ကန်းကျေးရွာနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း ပုလောမြို့နယ် တိုရွာ၊ ပီတန်နဲ့မြဒေါင်ရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို အဲဒီတိုက်ပွဲအတွင်း အရပ်သား ၂ ဦးလည်း လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

ပုလောမြို့နယ်မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာသလို မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။