ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစ (၁၆) လုံခြုံရေးတိုးမြှင့်

By MPM 20 ဇန်နဝါရီ, 2026 👁

ရခိုင်ရိုးမအရှေ့ခြမ်း၊ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံကပစ (၁၆) စက်ရုံကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့ ဝင်တိုက်ခိုက်မည်ကိုစိုးရိမ်၍ လုံခြုံရေးတိုးမြှင့်ထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ကပစ ၁၆ မှာရော၊ ကပစအဝင် မသုန်ရွာအနီး တစ်လျှောက်နေရာတွေမှာရော တပ်အင်အားအလုံးအရင်းနဲ့ ဖြန့်ကျက်ထားတာကိုတွေ့ရတယ်။ထောက်ပို့စစ်ကြောင်းတွေမရှုမလှ ခံနေရတော့ အခု ကပစ (၁၆) ကို ကာကွယ်ဖို့ ပြင်ဆင်လုပ်ကိုင်လာတာကိုတွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နံနက်ပိုင်းက ပဲခူးတိုင်းအနောက်ပိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာ မိုင်တိုင်-၂၇ အနီး တိုက်ပွဲတွင်စကခ (၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ရသည်။

ဗိုလ်မှူးကြီးဟန်လင်းအောင်သည် ၂၀၂၆ ခုနှစ်အတွင်း စစ်မြေပြင်တွင် ပထမဆုံး သေဆုံးသည့် အဆင့်မြင့် စစ်တပ်အရာရှိတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက ရခိုင်ရိုးပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို စစ်ဆေးပြီးအပြန်တွင် အာရက္ခတပ်တော် (AA) ကွန်မန်ဒိုအဖွဲ့၏ အနီးကပ် စီးနင်းချေမှုန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် နောက်ထပ်အရာရှိအချို့နှင့်အတူ တိုက်ပွဲတွင် ကျသွားခဲ့သည်။

လက်ရှိတွင်လည်း အာရက္ခတပ်တော်မှ ကွန်မန်ဒိုများသည် ကပစ (၁၆) ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်နိုင်သည်ဟု စစ်ကော်မရှင်ဘက်က ယူဆထားချက်များရှိနေသည့်အတွက် ယခုလို လုံခြုံရေးတိုးမြှင့်ချထားခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“ ကပစ (၁၆) က ထောက်ပို့စစ်ကူစစ်ကြောင်းတွေက ကပစ (၁၆) အထွက်နဲ့ မနီးမဝေးမှာပဲ အမြဲတမ်းကြားဖြတ်တိုက်ခိုက်ခံရတယ်။ ဒီလအတွင်းမှာတောင်တော်တော်များနေပြီ။ ပြီးတော့တပ်မမှူးဟန်လင်းအောင် အပါအဝင်အရာရှိတွေလည်း သေဆုံးခဲ့တာတွေရှိတယ်။ အဲဒါနဲ့အခုလည်း ကပစ (၁၆) ကိုအေအေကွန်မန်ဒိုတွေကဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုပြီး ကပစ ၁၆ ကနေ အနီးအနားဝန်းကျင် မသုန်ရွာအထိ တပ်ဖြန့်ထားတယ်” ဟု ပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းများသည် ပွိုင့် ၆၆၆ စခန်းကုန်းအပါအဝင် လေလာတောင်အနီးရှိ စစ်ကြောင်းများသို့ ရိက္ခာပို့ရန် ကြိုးစားနေသော်လည်း AAနှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက် တိုက်ခိုက်မှုများဖြင့် မရှုမလှ ကျဆုံးနေပြီး AA က ပြန်လည် ထိုးစစ်ဆင်လာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

ဇန်နဝါရီ၁၈ရက်နေ့နံနက်ပိုင်းကလည်း ကပစ (၁၆) မှ လားဖြင့် ရိက္ခာပို့သည့် စစ်ကော်မရှင်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရ၍ လား ၃ ကောင်နှင့် စားနပ်ရိက္ခာထုပ်များအား အာရက္ခတပ်‌တော် (AA) မှ သိမ်းဆည်းသွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ ဟိုဖက် ၆၆၆ စခန်းကုန်းနဲ့ အလယ်က ပိတ်မိနေတဲ့စစ်ကြောင်းတွေလည်းရိက္ခာပြတ်နေကြပြီ။ ရိက္ခာပို့ စစ်ကြောင်းတွေက အမြဲပို့ရတယ်။သူတို့ထွက်တိုင်း (AA) နဲ့တော်လှန်ရေးတပ်တွေကတိုက်တယ်။အခုဆို လား တွေကို အသုံးပြုပြီးပို့လာကြတယ်။ မနေ့က လား ၃ ကောင်နဲ့ရိက္ခာထုပ်တွေအေအေကရလိုက်တယ်” ဟု ပြောသည်။

ဇန်နဝါရီ ၁၆ ရက် နံနက်ကလည်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) မှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းမှာ AA ဦးဆောင်သည့် ပူးပေါင်းတော်လှန် ရေးတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးမအောက်ခြေရှိ မသုန်ရွာအနီးက ကပစ (၁၆) သည် ဗုံးသီးအမျိုးမျိုး၊ ခဲယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ရန် ယမ်းအဓိကချက်သည့် ကပစစက်ရုံတခုဖြစ်သည်။

ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ပန်းတောင်းမြို့နယ်အတွင်းတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ ငါးရုံရှိပြီး အာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ထိုးစစ်မှာ ကပစစက်ရုံများအနီးသို့ တဖြည်းဖြည်းရောက်ရှိလာပြီဟု သိရသည်။

ကပစ (၁၆) နှင့် ၆၆၆ ပွိုင့်ကုန်းစခန်းကြား ပိတ်မိနေသည့် စစ်‌သားများအား ကပစ (၁၆) မှ ခြေလျင်စစ်ကြောင်းနှင့် ဒရုန်းတို့ဖြင့် ရိက္ခာပို့လျက်ရှိပြီး ပွိုင့် ၆၆၆ စခန်းကုန်းကိုဆိုလျှင် Y-12၊ ဒရုန်းဖြင့် ညအချိန်တွင် ဝေဟင်မှ ရိက္ခာများချပေးနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ၆၆၆ ပွိုင့်စခန်းကုန်းကို Y-12 ဖြင့် လာချပေးသည့် ရိက္ခာထုပ်များကို AA နှင့်‌ တော်လှန်‌ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နိရဉ္စရာ