ပဇီကြီးရွာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်သွားသော အာဏာသိမ်းစစ်ကောင်စီအား အာရုံစိုက်စေလိုကြောင်း NUG ပြောခွင့်ရသူပြောဆို

0
397

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ယမန့်နေ ဧပြီလ (၁၁) ရက်နေ့က စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ (၁၀၀) ဝန်းကျင်သေဆုံးခဲ့ရသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ကျူးလွန်သူစစ်ကောင်စီအား အာရုံစိုက်စေလိုကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကပြောသည်။

အဆိုပါနေ့မနက်ပိုင်းက ပဇီကြီးကျေးရွာတွင် ရုံးဖွင့်ပွဲပြုလုပ်၍ ဒေသခံများစုဝေးနေကြချိန် စစ်ကောင်စီမှ လေကြောင်းဖြင့် (၅) ကြိမ်ထက်မနည်း ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးသူငယ် အနည်းဆုံး(၁၈)ဦးခန့်အပါအဝင် ဒေသခံ(၁၀၀)ဝန်းကျင်သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ထို့အတူ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးဖွင့်ပွဲအား စုဝေး၍ ကျင်းပပြုလုပ်နေရာ စစ်ကောင်စီကသတင်းအတိအကျရရှိ၍ လာရောက်ပစ်ခတ်ခဲ့သောကြောင့် ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟူ၍ စစ်ကောင်စီ လက်အောက်ခံမီဒီယာများနှင့် ပြည်သူလူထုအကြား ဝေဖန်မှုများထွက်ပေါ်လာသည့်အပေါ် ကေအိုင်စီ၏မေးမြန်းချက်အား ဦးနေဘုန်းလတ်က ယခုလို ပြောသည်။

၎င်းက “လူစုလူဝေးလုပ်တာက အလှူအတန်းသဘောမျိုးလည်းဖြစ်မှာပေါ့။ ဘယ်လိုပဲစုစု၊ စစ်ကောင်စီက ပြည်သူတွေဆိုတာသိရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ကိစ္စဖြစ်လို့ ဒီကိစ္စကိုကျုးလွန်တဲ့စစ်ကောင်စီကိုသာ အာရုံစိုက်စေချင်တယ်။ သေဆုံးတဲ့သူတွေက ဘာလို့အဲ့လိုစုဝေးနေကြတာလဲဆိုတဲ့ နစ်နာသူကိုအပြစ်တင်တာမျိုး အသားပေးဖော်ပြနေကြတာ ဘာကြောင့်လဲတော့မသိပေမယ့် ပြည်သူတွေက စစ်ရေးပစ်မှတ်မဟုတ်၊ လေ့ကျင့်ရေးကွင်းလုပ်နေတာမဟုတ်တာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်တာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအပြင် ပစ်ခတ်မှုဖြစ်ပြီးနောက် NUG အနေဖြင့် မြေပြင်သတင်းအချက်အလက်ရယူခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဒေသခံလူမှုကူညီရေးအသင်းများဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းသံတမန်များသို့ အကြောင်းကြားတင်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီ၏ရာဇဝတ်မှုများအား ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ယမန်နေ့ ဧပြီလ (၁၁) ရက်နေ့က NUG ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။

“ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနဆိုရင်လည်း အစုအဖွဲ့တွေလွှတ်ပြီး အလောင်းကောက်တာတို့၊ သဂြိုလ်တာတို့၊ ဒဏ်ရာရတဲ့သူတွေကို ကုသပေးတာတွေကို တောက်လျှောက်လုပ်ဆောင်နေပါတယ်။” ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

ထိုသို့ကယ်ဆယ်ရေးလုပ်ဆောင်နေစဥ် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများရပ်ဆိုင်းထားလိုက်ရပြီး ယနေ့မနက်ပိုင်းအထိ လေယာဥ်ပျံဝဲခြင်းများရှိနေကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အလားတူ အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန၏ ပြောခွင့်ရသူ ဗီးဒန့်ပတဲလ်ကလည်း စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ကျုးလွန်ခဲ့သော အကြမ်းဖက်မှုများအား တာဝန်ယူမှု၊တာဝန်ခံမှုရှိစေရေး အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း U.S. Embassy Rangoon ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here