နိုင်ငံတစ်ဝန်း၌ စစ်ရေးအရွှေ့ ကျယ်ပြန့်နေကြောင်း BNI သုံးသပ်

By MPM 19 အောက်တိုဘာ, 2026 👁 65

မြန်မာနိုင်ငံတစ်ဝန်း၌ စစ်ရေးပဋိပက္ခဖြစ်စဉ်အရေအတွက်သည် ပြီးခဲ့သည့်နှစ်များထက် လျော့ကျသွားသော်လည်း စစ်ရေး၊ စစ်နယ်အရွှေ့အပြောင်းများမှာ ပိုမိုကျယ်ပြန့်လာနေကြောင်း နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ၏  BNI – Myanmar Peace Monitor’s သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြသည်။

ယခုထုတ်ဝေသည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း ရည်ညွှန်းအကိုးအကား(၂၀၂၅ – ၂၀၂၆) စာအုပ်အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် ဇူလိုင်အထိ တိုက်ပွဲအရေအတွက် ၁,၈၅၄ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

BNI – Myanmar Peace Monitor’s အဖွဲ့ တာဝန်ခံ ကိုနှင်းကိုက “လက်ရှိ အခြေအနေအရ နိုင်ငံရေးကိုပဲ ဦးတည်နေတယ်လို့ ၁၀၀ ရာခိုင်နှုန်း သုံးသပ်လို့ မရပါဘူး။ စစ်ရေးကလည်း သွားနေတယ်။ လက်ရှိကတော့ ကချင်နဲ့ ရခိုင်ပြည်က စစ်ရှိန်မြင့်နေတယ်။ တခြားဒေသတွေမှာ စစ်ရေး ပြန်ပြီးလှုပ်ရှားဖို့အတွက် အရင်တုန်းက တစ်ဖွဲ့တည်း တစ်စုတည်း လှုပ်ရှားတာထက် တစ်စုတစ်စည်းတည်း လှုပ်ရှားရမယ်ဆိုပြီး စဉ်းစားချက်တွေ ဝင်လာတယ်” ဟု ပြောသည်။

ယင်းအပြင် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ၏ တိုက်ပွဲအရေအတွက်မှာ တိုင်းရင်းသားလက်နက်ကိုင် (ERO) နှင့် စစ်တပ်တို့ အကြားဖြစ်ခဲ့သည့် အရေအတွက်ထက် ပိုများကြောင်းလည်း ဆိုထားသည်။

တိုက်ပွဲနေရာများမှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ အညာဒေသတွင် အဓိက ရှိနေပြီး ကချင်နှင့် ရခိုင်ပြည် အပြင် AA စစ်ရေးလှုပ်ရှားသည့် နေရာများတွင်လည်း တိုက်ပွဲ ဆက်လက်ရှိနေကြောင်း ဆိုသည်။

“စစ်အရှိန်လျော့သွားတာထက် ရွှေ့သွားတာပါ။ ပဋိပက္ခတွေကို မီးပိုပြီး ထိုးပြနေတာက စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေပါ။ ကာလတစ်ခုမှာ ရခိုင်မှာ စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ လျော့သွားပေမယ့် ရှိနေတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ရခိုင်ပတ်ဝန်းကျင် နယ်စပ်ဖြစ်တဲ့ ပဲခူး၊ ဧရာဝတီတို့၊ မကွေးတို့နဲ့ ချင်းပြည်နယ်တို့မှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုတွေ့လာရတယ်” ဟု ကိုနှင်းကိုက ဆက်ပြောသည်။

ထိုအတူ စစ်တပ်နှင့် ERO တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသအတွင်း အရေးပါသည့် မြို့ကြီးများကို ဦးတည်သည့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဆိုသည်။

BNI – Myanmar Peace Monitor’s ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ဝေဝါးနေပြီး ရေရှည်စစ်ပွဲအဆင့်အထိ ကူးပြောင်းသွားနိုင်ကြောင်း သုံးသပ်သည်။

ထို့အတူ ၂၀၂၆ ခုနှစ်ကနေ လာမည့်နှစ်များတွင် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေမှုများကြောင့် စစ်ရေးပဋိပက္ခများ လွယ်လင့်တကူ အဆုံးသတ်ခြင်းမရှိသည့်အပြင် ရေရှည်စစ်ပွဲအဆင့်ကို ကူးပြောင်းသွားနိုင်ကြောင်း BNI က သုံးသပ်ထားသည်။

BNI – Myanmar Peace Monitor’s အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်အထိ စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု ၂,၄၄၉ ခုရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းနီးပါးသည် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“သူတို့က နိုင်ငံအနှံ့မှာ စစ်ရှုံးနေတယ်။ အပေါ်ကလည်း နေချင်တဲ့ သဘော သက်ရောက်နေတယ်။ တော်လှန်ရေးအင်အားစုတွေကို မနိုင်တဲ့အခါ ပြည်သူတွေကို လေကြောင်း ဗုံးကြဲပြီး ဖိအားပေးတယ်။ ပြည်သူတွေကို အကြောက်တရား ဖြစ်အောင် လုပ်ဆောင်တယ်။ တနည်းပြောရရင် အခုလို ပြည်သူတွေကို လေကြောင်း ဗုံးကြဲမှုတွေက ယုတ်မာတဲ့ လုပ်ရပ်လို့ မြင်မိတယ်” ဟု ရခိုင့်နိုင်ငံရေးသမား စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

နိုင်ငံအနှံ့တွင်၂၀၂၅ ဇန်နဝါရီနေ ၂၀၂၆ ဇူလိုင်အထိ ၁၉ လအတွင်း အရပ်သား ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၁၉၇ ခု ရှိခဲ့ပြီး အရပ်သားသေဆုံးသူ ၂,၁၂၃ ဦးရှိကြောင်း BNI – Myanmar Peace Monitor’s ၏ အစီရင်ခံစာအရ သိရသည်။

ယင်းအပြင် ၂၀၂၂ ခုနှစ် ဧပြီကနေ ၂၀၂၆ ဇူလိုင်လကုန်အထိ လူ ၅ ဦး နှင့်အထက် သေဆုံးခဲ့ရသည့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၄၃၂ ခုအထိရှိကာ ပြည်သူ ၄,၅၇၃ ဦး သေဆုံးခဲ့ကြောင်း ဆိုထားသည်။

ယခု ၂၀၂၆ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် အလွန်ကို မျှော်မှန်းကြည့်လျင်  အာဏာသိမ်းစစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းများနှင့် စစ်အင်အားဖြည့်တင်းမှုများကြောင့်လည်း မြန်မာနိုင်ငံ၏ စစ်ရေးပဋိပက္ခမှာ လွယ်လင့်တကူ အဆုံးသတ်နိုင်ဖွယ်မရှိသေးဘဲ ရေရှည်စစ်ပွဲအဆင့်ကို ကူးပြောင်းသွားနိုင်သည်ဟု BNI က သုံးသပ်ထားသည်။

DMG