နာဂဒေသမှာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဘက်က လုပ်ဆောင်လာ

By MPM 19 နိုဝင်ဘာ, 2025 👁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ဖို့ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

အိန္ဒိယအစိုးရဘက်က နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကနေစပြီး အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်မြို့ နယ်ခွဲထဲက နယ်စပ်ကျောက်တိုင်အမှတ် ၁၇၂ နဲ့ ၁၇၃ မှာ ခြံစည်းရိုးခတ်ဖို့ စက်ယန္တရားကြီးတွေနဲ့ စတင်လုပ်ဆောင်နေတာဖြစ်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့နီးစပ်တဲ့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ဘတ်ဖိုး (မြေတူးစက်) သုံး၊ လေးစီးတော့ ရောက်ထားပြီ ခြံစည်းရိုးခတ်ဖို့ စရှင်းနေပြီလို့ ပြောတယ်၊ ဒီနှစ်မကုန်ခင်မှာ နယ်စပ်ကျောက်တိုင်အမှတ် ၁၇၂ ကနေ ၁၇၃ အထိ အပြီးခတ်မယ်တဲ့၊ နောက်ထပ် ဘယ်ထိခတ်မလဲတော့ မသိသေးဘူး” လို့ သူကပြောပါတယ်။

အိန္ဒိယအစိုးရဘက်က အခုလိုနယ်စပ်ခြံစည်းရိုးခတ်ဖို့ အရှိန်အဟုန်မြင့်လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး အခြေအနေအသေးစိပ်မသိရသေးပေမယ့် နှစ်နိုင်ငံနယ်စပ်တလျောက် လက်နက်ကိုင်ပဋိပက္ခနဲ့ နယ်မြေအငြင်းပွားမှုပြဿနာတွေကြောင့် ဖြစ်နိုင်တယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားက အခုလိုသုံးသပ်ထားပါတယ်။

“အတိအကျတော့ မသိရသေးဘူးဗျ ဖြစ်နိုင်ခြေများတာကတော့ ဒီဘက်က NSCN-Kအဖွဲ့နဲ့ အိန္ဒိယဘက်က မဏီပူလက်နက်ကိုင်ပေါ့ ကသည်းအဖွဲ့တွေ အခုနောက်ပိုင်း နယ်စပ်ဖြတ်ကျော်လုပ်ရှားတာ ခပ်စိပ်စိပ်လိုဖြစ်လာနေတယ်။နောက်ပြီး NSCN-K ကလည်း အရှ့နာဂ (နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) နဲ့ အနောက်နာဂ (Nagaland) ကို ပေါင်းစည်းဖိုကြိုးပမ်းနေတော့ဒါတွေကြောင့်ဖြစ်နိုင်တယ်” လို့ သူက သုံးသပ်ပါတယ်။

အိန္ဒိယအစိုးရက အခုလိုနယ်စပ်ခြံစည်းရိုးခတ်ဖို့လုပ်ဆောင်နေတဲ့အပေါ် နာဂပြည်သူလူထုတွေက ကန့်ကွက်ဖို့ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

“နာဂမြေကြီးကိုနှစ်ပိုင်း ပိုင်းသလိုဖြစ်သွားမှာ နောက်ပြီး ဟိုဘက်ဒီဘက် အရင်လိုသွားလာလို့ မရတော့ဘူးဖြစ်သွားမယ်။ ဒါကြောင့် နာဂလူထုကတော့ ဒါကို လုံးဝကန့်ကွက်ဖို့ လုပ်နေကြပါတယ်။ လောလောဆယ်မီဒီယာပေါ်တော့ မတက်လာသေးဘူးဗျ၊ ကန့်ကွက်ဖို့တော့ ပြင်ဆင်နေကြတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နာဂဒေသတစ်ခုလုံးမှာ အိန္ဒိယ–မြန်မာနယ်စပ်ဂိတ် တရားဝင်ဂိတ်ပေါက်တစ်ခုတည်းသာရှိပြီး တရားမဝင်သွားလာနေကြတဲ့ နယ်စပ်ဝင်ပေါက်တွေလည်းအများအပြားရှိနေတာဖြစ်ပါတယ်။

အိန္ဒိယအစိုးဘက်က ဘယ်အတိုင်းအတာထိ ခတ်မယ်မသိရသေးပေမယ့် နယ်စပ်ခြံစည်းရိုးခတ်လိုက်လို့ နှစ်နိုင်ငံဝင်ထွက်သွားလာဖို့ခက်ခဲသွားမှာကိုဒေခံတွေအထူးစိုးရိမ်နေကြောင်းသိရပါတယ်။

NSCN- K (ယုန်းအောင်) အဖွဲ့ဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်နေ့က နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ အာရူးလ်နာချလ်ပြည််နယ် (Arunachal Pradesh) ထဲက Hatman ကျေးရွာ အနီးမှာရှိတဲ့ အိန္ဒိယစစ်တပ်ရဲ့ တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Assam Rifles အဖွဲ့စခန်းကိုဒရုန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် အိန္ဒိယစစ်တပ်ဘက်ကလည်း အောက်တိုဘာ ၂၀ ရက်နေ့မှာနာဂဒေသ လဟယ်မြို့နယ်မှာရှိတဲ့ ကမ်မော်လော်ရီကျေးရွာထဲက NSCN-K အဖွဲ့ထဲကဗိုလ်ချုပ်ပီးအောင်ရဲ့ နေအိမ်ကိုဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဗိုလ်ချုပ် ပီးအောင်ရဲ့သားကြီးဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ထို့အပြင် နိုဝင်ဘာ လဆန်းပိုင်းတုန်းကလည်း အိန္ဒိယနိုင်ငံ မဏီပူပြည်နယ်ထဲက အိန္ဒိယအစိုးရက သူပုန်အဖြစ်ကြေငြာထားတဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး နာဂဒေသ လေရှီးမြို့နယ်အနောက်ခြမ်းအထိ ဝင်ရောက်လာခဲ့ပါတယ်။

နှစ်နိုင်ငံနယ်စပ်တလျောက် အထက်ဖော်ပြပါ ပြဿနာတွေ ဆက်တိုက်ဖြစ်လာပြီးနောက် အိန္တိယအစိုးရက နယ်စပ်ခြံစည်းရိုးခတ်ဖို့ ရုတ်တရက်လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

KNG