စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့တွင် နယ်မြေမငြိမ်သက်မှုများကြောင့် ဒေသတွင်း ပြုလုပ်ရောင်းချ သည့် လက်မှုလုပ်ငန်းများစျေးကွက် ကျဆင်းလာနေပြီး အခက်ခဲကြုံနေရသည်ဟု လုပ်ငန်းလုပ်ကိုင်နေသူများက ပြောဆိုသည်။
မော်လူးတိုက်နယ်အတွင်း ဝါး၊နှီးများကို အခြေခံသည့် အိမ်သုံးလက်မှုပစ္စည်းများ၊ ရိုးရာဓားများကို ခရီးသွားများ နှင့် ဒေသတွင်းအသုံးပြုနိုင်ရန်အတွက် အများအပြား ပြုလုပ်ရောင်းချသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
လက်မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက “အခုက အဘက်ဘက်က ဆုတ်ယုတ်လာတော့ ရိုးရာပစ္စည်းတွေကလည်း ကွာလတီတွေကအစ စျေးကွက်အဆုံး ကျဆင်းလာတယ်” ဟု ဆိုသည်။
လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးအတွက် တန်ဆာခများ ကြီးမြင့်လာမှုများကြောင့်လည်း ရောင်းဝယ်ရ ခက်ခဲပြီး ဒေသတွင်းလူအသုံးများသည့် ပစ္စည်းများကိုသာ ရက်လုပ်နေကြရသည်ဟု လုပ်ငန်းလုပ်ကိုင်သူတို့က ပြောဆိုကြသည်။
ယက်လုပ်သူများသည် စျေးတန်ဖိုးလျော့နည်းပြီး လူအသုံးများသည့် လက်မှုပစ္စည်းများကို ဝါး၊ နှီးများ အစား ပလပ်စတစ်အသုံးပြု ယက်လုပ်ပြီး မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းနေကြရသည်ဟု ပြောသည်။
ယခင်က မော်လူးမြို့မှထွက်သည့် ဓားများ၊ ကြိမ်ဖြင့် ရက်လုပ်သည့်ပစ္စည်းများ၊ သစ်ဖြင့် ပြုလုပ်သည့်ပစ္စည်းများ သည် ကချင်ပြည်နယ် အောက်ပိုင်းဒေသနှင့် စစ်ကိုင်းတိုင်းအတွင်းကို အဓိကထား ရောင်းချကြခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုကာလအတွင်း လမ်းပန်းဆက်သွယ်သွားလာရေး ခက်ခဲနေသည့်အပြင် နယ်မြေမငြိမ်သက်မှုများကြောင့် လက်မှု လုပ်ငန်းစျေးကွက် ကျဆင်းလာနေပြီး လုပ်ငန်းလုပ်ကိုင်သူများ အခက်ခဲကြုံလာရသည်ဟု သိရသည်။
မော်လူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့က တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည့် မြို့တစ်ခုလည်းဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။