စစ်အုပ်စုတပ်နှင့် အပေါင်းအပါများ၏ ကျားဖြန့် ဟန်ပြနှိမ်နင်းမှုများသည် ထိုင်း-မြန်မာ နယ်စပ်များသာမက နယ်စပ်နှင့်ဝေးသည့် ဒေသများသို့ပါ ကျားဖြန့်လုပ်ငန်းများ ကျယ်ပြန့်၍ မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် သတင်းထုတ်ပြန်သည်။
စစ်အုပ်စုနှင့် အပေါင်းအပါများဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က ကျားဖြန့်လုပ်ငန်းများအား ဟန်ပြဝင်ရောက်စီးနင်း၍ ဦးဆောင်သူမဟုတ်သည့် တဆင့် ပြန်လည်စေခိုင်းခံရသူများကို ဖမ်းဆီးခြင်းနှင့် လူသူမရှိသည့် အဆောက်အဦများကို ဖြိုချဖျက်ဆီးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ခြင်းသည် ကျားဖြန့်လုပ်ငန်းများအား အမြစ်ပြတ်နှိမ်နင်းခြင်းမဟုတ်ဘဲ နယ်စပ်နှင့် ဝေးသည့် ပြည်တွင်းနေရာများတွင်ပါ ကျားဖြန့်လုပ်ငန်းများ ပြန့်ပွား၍ မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟု KNU က ဆိုသည်။
ထိုလုပ်ရပ်များကြောင့် ကရင်ပြည်နယ်တွင်း၌သာမက အခြား ပြည်တွင်းဒေသများ၌ပါ ကျားဖြန့်လုပ်ငန်းများ နေ့ညမပြတ် ပျံ့နှံ့အခြေချလာသလို ဒေသခံများ၏ လူနေမှုဘဝ လုံခြုံရေးအား ကြီးမားစွာ ခြိမ်းခြောက်နေသည်ဟု ဆိုသည်။
ထို့ပြင် KNU အုပ်ချုပ်နယ်မြေအနီး ဒေသခံများ၏ မြေယာများအား အတင်းအဓမ္မ ဝယ်ယူခြင်းကိစ္စတို့ကြောင့် ဒေသခံများမှာ စိတ်အနှောင့်အယှက်ဖြစ်ရ၊ စိုးရိမ်ရကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ တိုင်ကြားချက်များ လက်ခံရရှိထားသည်ဟု KNU က ဖော်ပြသည်။
သို့ဖြစ်၍ KNU အနေဖြင့် ၎င်းတို့နယ်မြေများ၌ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အခြားဆက်စပ်သော ရာဇဝတ်မှုလုပ်ငန်းများကို လုံးဝသည်းခံမည်မဟုတ်ဘဲ KNU ရာဇဝတ်ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် မြေယာကိစ္စများနှင့်ပတ်သက်၍လည်း ဒေသခံများအနေဖြင့် တိုင်ကြားရန် ထုတ်ပြန်သတိပေးထားသည်။
ထို့ပြင် စစ်အုပ်စု ဇူလိုင် ၂၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့သည့် ကျားဖြန့်လုပ်ငန်းအား KNU၊ PDF များက ငွေကြေးယူ၍ အကာအကွယ်ပေးထားသည်ဆိုသည့် စစ်အုပ်စုတပ်၏ စွပ်စွဲချက်နှင့်ပတ်သက်၍လည်း KNU က ငြင်းဆိုထားပြီး ထိုကျားဖြန့်လုပ်ငန်းသည် စစ်အုပ်စု၏ ဟန်ပြနှိမ်နင်းမှုများကြောင့် KKPark နှင့် ရွှေကုက္ကိုလ်တို့ဘက်မှ ပြောင်းရွှေ့အခြေချလာသည့် ကျားဖြန့်လုပ်ငန်းများအနက် တခုသာဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စုတပ်က ၎င်းတို့ ဝင်စီးသည့် ထိုကျားဖြန့်လုပ်ငန်းသည် ကျောက်ခတ်၌ရှိသည်ဟု ဖော်ပြထားသော်ငြား KNU က ထိုအချက်မှာလည်း နိုင်ငံတကာက အာရုံစိုက်အရေးယူရန် အလိုရှိနေသည့် “ကျောက်ခတ်ကျားဖြန့်ဝင်း” ကို ဝင်စီးခဲ့သယောင် ရည်ရွယ်ခြင်းသာဖြစ်ပြီး အမှန် စစ်အုပ်စုဝင်စီးသည့် ကျားဖြန့်ဝင်းသည် ကျောက်ခတ်နှင့် ၃၆ မိုင်ခန့်အကွာ၊ ဖလူးလေးအနောက်ခြမ်း၊ DKBA စစ်ဦးစီးအရာရှိချုပ် ကြီးကြပ်ထားသည့်ဒေသတွင် တည်ရှိသည်ဟု KNU က ဖော်ပြထားသည်။
သို့ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့်လည်း စစ်အုပ်စုတပ်၏ ဟန်ပြနှိမ်နင်းလုပ်ဆောင်ပြနေမှုကို သေချာစိစစ်၍ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်နေရသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ကျားဖြန့်လုပ်ငန်းများအား အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းကို အမှန်တကယ် တိုက်ဖျက်နေသည့် မြေပြင်အဖွဲ့အားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။
မဇ္ဈိမ