နယ်စပ်ဒေသ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေရသည့် မွတ်ဆလင်ဒုက္ခသည်များကို ကူတူပါလောင်စခန်းသို့ ပို့ဆောင်

By MPM 16 ဖေ‌ဖော်ဝါရီ, 2023 👁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရာဘင်ခရိုင်၊ ခေါင်းတုံးကျေးရွာအုပ်စု တောင်ပြိုလက်ယာအနီးမှာ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ထွက်ပြေးနေရသည့် မွတ်ဆလင်ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့က ကူတူပါလောင်ဒုက္ခသည်စခန်းသို့ ပို့ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က ARSA နှင့် RSO တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် နယ်စပ်ရှိ ဒုက္ခသည်နေအိမ်များ မီးရှို့ခံရကာ ဒုက္ခသည်များမှာလည်း တောင်ပြိုလက်ယာ စာသင်ကျောင်းတွင် ခိုလှုံနေထိုင်ခဲ့ရကြောင်း သိရသည်။

“အဲဒီဒုက္ခသည်စခန်းက ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲမှာရှိတာ။ အဲဒီနေ့က တိုက်ပွဲဖြစ်တော့ အဲဒီဒုက္ခသည်စခန်းက မီးရှို့ခံလိုက်ရတယ်။ မီးရှို့ခံလိုက်ရတော့ သူတို့က တောင်ပြိုလက်ယာက စာသင်ကျောင်းမှာနေတယ်လို့ သိရတယ်။ အဲဒီစခန်းမှာ လူထောင်နဲ့ချီရှိတယ်လို့ သိရတယ်” ဟု မြန်မာဘက်ခြမ်း တောင်ပြိုလက်ဝဲမှ ကျေးရွာသားတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသည့် မွတ်ဆလင်ဒုက္ခသည်များကို ကူတူပါလောင် ဒုက္ခသည်စခန်းသို့ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Mizanur Rahman Chowdhury ဦးစီးအဖွဲ့ဝင်များက ကူညီပေးနေခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသည့် မွတ်ဆလင်ဒုက္ခသည် အိမ်ထောင်စု ၄၄၈ စု၊ လူဦးရေပေါင်း ၂၄၂၉ ဦးထဲက ဖေဖော်ဝါရီလ ၁၄ ရက်တွင် အိမ်ထောင်စု ၂၇၉ စု၊ လူဦးရေပေါင်း ၁၅၁၆ ဦးကို မော်တော်ယာဉ် ၅ စီးဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် အိမ်ထောင်စု ၂၀၉ စု၊ လူဦးရေ ၉၁၃ ဦးကို ကား ၈ စီးဖြင့် လည်းကောင်း ကူတူပါလောင် ဒုက္ခသည်စခန်းသို့ ပို့ဆောင်ခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သတင်းစာမျက်နှာတစ်ခုဖြစ်သည့် ရခိုင့်နေ့စဉ်သတင်းတွင် ဖော်ပြသည်။

တောင်ပြိုလက်ဝဲမှ နောက်ထပ်ဒေသခံတစ်ဦးက “သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေကို ပြန်ပို့နေပြီလို့ သိရတယ်။ ကျနော်တို့ဖက်ကို ကျော်လာတာတွေတော့ မရှိဘူး။ အခုလည်းဆက်ပြီးတော့ ပို့နေတယ်လို့ သိရပါတယ်”ဟု ဆိုသည်။

အဆိုပါ မွတ်ဆလင်များမှာ ၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

အောင်ထိန် (DMG) – ပေးပို့သည်။