နယ်စပ်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ တရုတ်သံအမတ်နဲ့ စစ်သံမှူးတို့ တပ်ချုပ်ထံ လာရောက်တွေ့ဆုံ

By MPM 24 ဇူလိုင်, 2026 👁 48

နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အသံအမတ်ကြီးနဲ့ စစ်သံမှူးတို့ ဇူလိုင် ၂၂ ရက်နေ့က နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ တပ်ချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်တပ်အရာရှိကြီးတွေ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အပါအဝင် တရုတ်နိုင်ငံသံမှူး၊ စစ်သံမှူးနဲ့ သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။

တွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ပိုမိုနက်ရှိင်းတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး အပါအဝင် နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် စစ်အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားမှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတာပါ။

တဖက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို အိမ်နီးချင်းအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်ရေး၊ တပ်မတော်နှစ်ရပ်အကြား နည်းပညာ၊ သတင်းအချက်အလက်နဲ့ နယ်ပယ်အလိုက် ပူးပေါင်းရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက လက်ရှိ မြောက်ပိုင်းအဖွဲ့တွေ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စနဲ့ သက်ဆိုင်သလို စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပူးပေါင်းတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒီအခင်းအကျင်းက အရမ်းကြီး ထူးဆန်းတဲ့ ပုံစံတော့ မဟုတ်ဘူး။ ဒါက လက်ရှိ မြောက်ပိုင်းအဖွဲ့တွေ နေပြည်တော်‌ရောက်နေတဲ့ ကိစ္စပေါ့။ နေပြည်တော်ရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတဲ့ ကိစ္စနဲ့လည်း သက်ဆိုင်တယ်။ နောက်ပြီးတော့ တရုတ်စစ်သံမှူး စစ်ဘက်က ဖြစ်တဲ့အတွက် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စ ဥပမာ လက်နက်ခဲယမ်းတွေ ဝယ်တဲ့ ကိစ္စတွေ ပြီးတော့ လေယာဉ်တွေဘာတွေ ဝယ်တဲ့ ကိစ္စမျိုးတွေပေါ့။ ဒီလိုဟာတွေကလည်း တောက်လျှောက် ရှိနေတာဆိုတော့ ဒါမျိုးတွေအတွက်လည်း ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်အစိုးရက အသုံးပြုနေတဲ့ ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးနည်းပညာတွေမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတာကြောင့် အခုလိုတွေ့ဆုံမှုကနေ အဲဒီကိစ္စတွေလည်း ပါဝင်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မြောက်ပိုင်းအဖွဲ့တွေထဲက ‘ဝ’ အဖွဲ့ UWSA ၊ မိုင်းလားအဖွဲ့ NDAA ၊ SSPP ၊ တအာင်းတပ် TNLA တို့ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တစ်ဖွဲ့ချင်းစီ အလွတ်သဘော တွေ့ဆုံဆွေးနွေးထားကြတာပါ။

အဲဒီထဲက တအာင်းတပ် TNLA ဟာ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေထဲမှာ ပထမဆုံးအနေနဲ့ စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှု အစီအစဉ်မှာ ပါဝင်ခဲ့ပြီး နေပြည်တော်အထိ လာရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာ ကိုးကန့်တပ် MNDAA ကိုလည်း အရပ်သားအသွင်ပြောင်း စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ပါဝင်ဆွေးနွေးဖို့ တရုတ်အစိုးရက တိုက်တွန်းပြောဆိုမှုတွေ ရှိနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်နေမှုအပေါ် တရုတ်နိုင်ငံက ကူညီပေးသွားမယ်လို့ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ အသိပေးထားတာပါ။

တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်တပ်နဲ့ တစ်ဖွဲ့ချင်း အပစ်ခတ်ရပ်စဲထားကြပြီး ၁၀၂၇ စစ်ဆင်ရေးကို တခန်းရပ်ထားသလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာလည်း ဆက်လက် ပါဝင်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေပါ။

ISP-Myanmar ကတော့ တရုတ်လို ဒေသတွင်းအင်အားကြီးနိုင်ငံတွေက နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား ကြားဝင်စေ့စပ်မှု ဒါမှမဟုတ် ဖိအားပေးမှုတွေဟာ ဒီမိုကရေစီအရေးထက် နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ အကျိုးစီးပွား လုံခြုံရေးကိုသာ အခြေခံတယ်လို့ ထောက်ပြထားပါတယ်။

သံလွင်တိုင်းမ်