ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၏ မူဝါဒသာဖြစ်ကြောင်း စစ်အစိုးရ ပြောခွင့်ရသူဆို

By MPM 24 နိုဝင်ဘာ, 2026 👁 69

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက တောင်းဆိုနေသော်လည်း ၎င်း၏ လွတ်မြောက်ရေးမှာ သမ္မတတာဝန်ယူထားသူ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မူဝါဒသာဖြစ်ကြောင်း စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောဆိုလိုက်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် သူ၏ လုပ်ဆောင်ချက်များအပေါ်သာ မူတည်နေကြောင်းလည်း ဆိုသည်။

“လွှတ်ပေးပါ။ လွှတ်ပေးဖို့ နိုင်ငံတကာက ပြောနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒါက သမ္မတကြီးရဲ့ မူဝါဒပါ။ ဘာဆက်ဖြစ်မယ်ဆိုတာတော့ သေသေချာချာ မပြောနိုင်သေးပါဘူး။ သမ္မတကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာပဲ မူတည်ပြီးတော့မှ လျှော့ပေါ့စဉ်းစားဖို့ အချက်အလက်တွေ ရှိရင်လည်း လျှော့ပေါ့စဉ်းစားပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲ မူတည်တယ်” ဟု နိုဝင်ဘာလ ၂၀ ရက်နေ့၊ စစ်အုပ်စု၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့အတူ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနှင့် ဖုန်းပြောခွင့်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် တွေ့ခွင့်ပေးခြင်း၊ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားခြင်းတို့ကိုလည်း လုပ်ပေးထားကြောင်း ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ကုလသမဂ္ဂအစည်းအဝေးများ၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ စသည့် ပုဒ်မအမျိုးမျိုးပါဝင်သော အမှုပေါင်း ၁၉ မှု ဖြင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရသည်။

နောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ၌ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ထောင်ဒဏ် ၆ နှစ် လျှော့ပေါ့ပေးခဲ့သဖြင့် ၂၇ နှစ် ကျန်ရှိခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဧပြီလ နှစ်ဆန်းတစ်ရက်နေ့တွင် ကျန်ရှိထောင်ဒဏ်၏ ၆ ပုံ ၁ ပုံ (၄ နှစ်ခွဲခန့်) ထပ်မံလျှော့ပေါ့ခံရသည်။

ထို့နောက်  ဧပြီလ ၃၀ ရက်မှစတင်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁(၁) အရ သတ်မှတ်နေအိမ်၌ ဆက်လက်ထိန်းသိမ်းခံထားရကြောင်း သိရသည်။

DMG