သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က စစ်သားသစ်စုဆောင်းရာ၌ အမျိုးသမီးများကိုပါ ခေါ်ယူနေသဖြင့် စစ်မှုထမ်းရမည်ကို စိုးရိမ်သည့် ဒေသခံလူငယ်များ နေရပ်စွန့်ခွာထွက်ပြေးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
ယခု နိုဝင်ဘာလအတွင်း ကိုးကန့်တပ်ဖွဲ့က သိန္နီမြို့နယ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်နေပြီး အိမ်ထောင်စုတစ်စုတွင် သားသမီး ၂ ဦးနှင့်အထက်ရှိလျှင် စစ်သင်တန်း တက်ရောက်ရမည်ဟု သတ်မှတ်ထားကြောင်း သိန္နီမြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီတစ်ခေါက်တော့ အမျိုးသမီးတွေလည်း ခေါ်မယ်။ လူစားထိုးပြီး တခြားသူကို ပို့လို့လည်း မရဘူး။ အခုတော့ တချို့လူတွေက ထွက်ပြေးကြတယ်။ စစ်သားလုပ်ရမှာကို ကြောက်နေကြလို့လေ” ဟု သိန္နီမြို့ဒေသခံ အမျိုးသားတဦးက ပြောသည်။
ထို့အပြင် စစ်မှုထမ်းရမည်ကို စိုးရိမ်သည့် လူငယ်အချို့သည် အိမ်ထောင်ပြုရန် အလျင်အမြန် စီစဉ်နေကြပြီး အိမ်နီးချင်းတအိမ်တွင်လည်း သမီး ၄ ဦးရှိသဖြင့် ယခုရက်တစ်ပတ်အတွင်း အမြန်အိမ်ထောင်ချပေးခဲ့ကြောင်း အဆိုပါမြို့ခံက ပြောသည်။
ထိုသို့ ခေါ်ယူရာတွင် ကျေးရွာလုံခြုံရေးအတွက် စစ်သင်တန်းပေးခြင်းသာဖြစ်ကြောင်း ပြောဆိုထားသော်လည်း စစ်သင်တန်းတက်ရောက်ရန် စေလွှတ်ခံရသူများမှာ နေအိမ်သို့ ပြန်မလာကြတော့ကြောင်း သိန္နီမြို့ဒေသခံတဦးက ဆက်ပြောသည်။
ယခု ၃ နှစ်သာ ကာလအတွင်း တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များကို လာရောက်နေထိုင်ပြီး ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့သဖြင့် ဒေသခံများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သိသိသာသာ ကျဆင်းလာကြောင်း ဒေသခံများက ပြောသည်။
သိန္နီမြို့ရှိ ကုန်သည်တစ်ဦးကလည်း တရုတ်နိုင်ငံသားများ လာရောက်နေထိုင်ပြီးနောက် ဒေသခံဆိုင်များ၏ ရောင်းအား ကျဆင်းလာသည့်အပြင် ကုန်ဈေးနှုန်းများလည်း ဆက်တိုက်မြင့်တက်လာကြောင်း သိန္နီမြို့ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။
“ကိုးကန့်တပ်တွေ လာပြီး အုပ်ချုပ်တဲ့နောက်ပိုင်း တချို့တွေကလည်း စီးပွားရေးတွေကျတယ်။ ရောင်းအား မကောင်းတော့ဘူး။ ဆိုင်တွေလည်း များလာတယ်။ ဝယ်တဲ့ လူကမရှိဘူး။ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်။ ဆိုင်ဖွင့်ဖို့ စောင့်နေတဲ့အချိန်မှာတင် ကိုးကန့်တပ်ဖွဲ့က ဆိုင်ဖွင့်ခွန် လာကောက်တယ်။ စစ်သားသစ်စုဆောင်းတာနဲ့ အခွန်ကောက်တာတွေ ဆက်တိုက်ရှိနေလို့ လူတွေက ထွက်ပြေးနေကြတာ” ဟု သိန္နီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း စစ်ကောင်စီထံမှ သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများကို ၃ နှစ်ကျော်ကြာ လုပ်ဆောင်လာခဲ့သည်။
ကိုးကန့်တပ်ဖွဲ့သည် ဒေသခံများကို ကျေးရွာတစ်ရွာလျှင် အနည်းဆုံး လူငယ်တစ်ဦးစီ ရှာဖွေပေးရန် ညွှန်ကြားထားပြီး စစ်သားသစ်စုဆောင်းမှုကို ၂ နှစ်ကျော်ကြာ လုပ်ဆောင်နေကြောင်း သိရသည်။
ကိုးကန့်တပ်ဖွဲ့၏ စစ်သားသစ်စုဆောင်းမှုများ ဆက်တိုက်ရှိနေခြင်းကြောင့် သိန္နီဒေသအတွင်း နေထိုင်သည့် အမျိုးသား၊အမျိုးသမီး လူငယ်များသည် မိမိတို့နေထိုင်ရာ ကျေးရွာနှင့် မြို့များကို စွန့်ခွာကာ အခြားဒေသများနှင့် နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်