ဒေသခံ မြေယာနှင့် ယဉ်ကျေးမှုအခွင့်အရေး ထိခိုက်စေသည့် MNDAA လုပ်ရပ်များကို SSJAC ကန့်ကွက်

By MPM 24 အောက်တိုဘာ, 2026 👁 48

သျှမ်းပြည်မြောက်ပိုင်းတွင် ဒေသခံတို့၏ မြေယာပိုင်ဆိုင်မှုနှင့် ယဉ်ကျေးမှုအခွင့်အရေးများကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်နေသည်ဟုဆိုကာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (SSJAC) က ပြင်းထန်စွာ ကန့်ကွက်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။

MNDAA သည် နယ်မြေစိုးမိုးမှုရယူပြီးနောက် ဒေသခံများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့် ဘာသာစကားကို အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် မဖြစ်မနေ အသုံးပြုရန် ဖိအားပေးခြင်း၊ ဒေသခံများ၏ ဘိုးဘွားပိုင်မြေယာများကို သဘောဆန္ဒမပါဘဲ ပြုပြင်ပြောင်းလဲခြင်းနှင့် သိမ်းဆည်းခြင်းများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သမိုင်းစဉ်ဆက် ခေါ်ဝေါ်သုံးစွဲလာသည့် မြို့ရွာအမည်များနှင့် အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်များကို ဒေသခံများ၏ ယဉ်ကျေးမှုနှင့် မသက်ဆိုင်သည့် အမည်နာမ၊ ဘာသာစကားများဖြင့် အစားထိုးပြောင်းလဲနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MNDAA က ပြဋ္ဌာန်းထားသည့် မြေယာဥပဒေအပါအဝင် အခြားအုပ်ချုပ်ရေးဥပဒေများကြောင့် နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက်လာနိုင်ပြီး မြေပိုင်ဆိုင်ခွင့်ရရှိစေနိုင်သည့် အခြေအနေများ ပေါ်ပေါက်လာကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ယင်းလုပ်ရပ်များကို ငြိမ်းချမ်းစွာ ကန့်ကွက်သည့် ဒေသခံများအား ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုပါ ချိုးဖောက်နေကြောင်းလည်း ဖော်ပြထားသည်။

ထိုသို့ လုပ်ဆောင်မှုများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အခြေခံမူများကိုပါ ချိုးဖောက်ရာရောက်ကြောင်း SSJAC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒေသခံလူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်သည့် အတင်းအကျပ်ပြောင်းလဲမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပြီး ဆက်လက်လုပ်ဆောင်နေပါက လိုအပ်သည့် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု သတိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလက သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်ဆိုင်းဘုတ်အသစ်များတွင် သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုမှုကို ကန့်သတ်ပြီး မြန်မာစာထည့်သွင်းပါက တရုတ်စာပါ ထည့်သွင်းရန် MNDAA အရာရှိများက ပြောဆိုခဲ့ကြောင်း သျှမ်းသံတော်ဆင့်က ဖော်ပြခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်လည်း လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များတွင် မြန်မာစာ၊ သျှမ်းစာတို့အပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရန် MNDAA က ညွှန်ကြားခဲ့ကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။ ယင်းညွှန်ကြားချက်ကြောင့် ဆိုင်းဘုတ်အသစ်များ ပြန်လည်ပြုလုပ်ရသဖြင့် ကုန်ကျစရိတ် ပိုမိုကုန်ကျကြောင်း ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ယခုနှစ် အောက်တိုဘာ ၆ ရက်တွင်လည်း သိန္နီမြို့နယ်၊ မိုင်းပါးကျေးရွာအုပ်စုဝင် ဆိုင်းဘုတ်ကို MNDAA က ဖျက်ဆီးပြီး မြန်မာစာနှင့် တရုတ်စာဖြင့် ပြန်လည်ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။ မူလဆိုင်းဘုတ်တွင် သျှမ်းစာနှင့် မြန်မာစာ ပါဝင်ခဲ့သော်လည်း ပြန်လည်ပြုလုပ်သည့် ဆိုင်းဘုတ်တွင် သျှမ်းစာ မပါဝင်တော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့်