ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် ကင်းလှည့်နေသည့် တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်သားများကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) မှ လျှပ်တစ်ပြတ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း KRU တာဝန်ရှိသူများက ပြောသည်။
KRU ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “သူတို့နဲ့ ကျနော်တို့ တိုက်ပွဲ ဖြစ်တာက ပေ ၂၀၀ ဝန်းကျင်လောက်ပဲရှိတဲ့ အနေအထားတစ်ခုမှာပေါ့။ ကျနော်တို့က လမ်းနှစ်ဖက်ကနေ ပစ်တာဆိုတော့ နောက်ဆုံးထိတဲ့လူရဲ့ သေနတ်ပဲ ကောက်လာနိုင်ခဲ့တယ်။ အရှေ့ဖက်မှာရှိတဲ့ လူတွေရဲ့ သေနတ်တွေ ကျနော်တို့ မကောက်နိုင်ခဲ့ဘူး။ မျက်မြင် အတည်ပြုနိုင်တာကတော့ ၆ ယောက်လောက်ရှိမယ်။ အဲဒါပြီးတော့ မြန်မြန် ပြန်ဆုတ်လိုက်ရတယ်ပေါ့။ ထိ တွေ့ မှုက နာရီဝက်နီးပါး ကြာလိုက်တယ်” ဟု ပြောသည်။
၎င်းတို့အနေဖြင့် စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ကင်းလှည့်ပတ်နေသည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ညနေ ၅ နာရီ၊ ၂၅ မိနစ်အချိန်ခန့်တွင် ပြောက်ကျားစနစ်ဖြင့်သာ ကြားဖြတ် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KRU တာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီတပ်များသည် ၎င်းတို့ ထိခိုက်ကျဆုံးပြီးနောက်တွင် လွိုင်ကော်အမြောက်တပ်၊ သေးဆူလဲ၊ ဒေါငံခါးတို့ဘက်တွင် အထိုင်ချထားသော တပ်များမှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သော်လည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အနေဖြင့် အထိအခိုက် အကျဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ထံမှ MA-1 ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည် ၂၅၅ တောင့်တို့ကို သိမ်းဆည်းရယူနိုင်ခဲ့သည်ဟု KRU တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
KRU ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့အဖွဲ့က ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရခဲ့တာတော့ အပေါင်း လက္ခဏာ ဆောင်တဲ့ ရလဒ်တစ်ခုပေါ့။ အကျိုးအမြတ်လည်း ရနိုင်ခဲ့တယ်ပေါ့ (သေနတ်တစ်လက်)။ ရန်သူအင်အားလည်း ခြွေနိုင်ခဲ့တယ်။ ကျနော်တို့ ဆယ်ရက်တခါ တိုက်တဲ့တိုက်ပွဲလည်း မဟုတ်ဘူး။ ဘယ်လောက်ကြာဦးမလဲဆိုတာလည်း မသိနိုင်သေးဘူး။ ဆိုတော့ အသက်တွေ အများကြီး ရင်းထားပြီးမှတော့ ဒီတိုက်ပွဲကနေ ဘာအကျိုး အမြတ် ရနိုင်မလဲ စဉ်းစားရတာပေါ့။ ဒါကြောင့် နောက်များမှာလည်း ကိုယ့်အတွက် အကျိုးအမြတ်ရနိုင်မယ့် တိုက်ပွဲတွေပဲ ဖော်ဆောင်တော့မယ်ပေါ့” ဟု ဆက်ပြောသည်။
ကုန်းသာကျေးရွာသည် KRU တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မဟုတ်သော်လည်း KRU စစ်ရေးလှုပ်ရှားနေသည့် နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်များလည်း အထိုင်ချထားသည်။
သို့ဖြစ်၍ KRU တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်များနှင့် နယ်မြေတစ်ခြမ်းစီ ခွဲယူထားသည်ဖြစ်ရာ အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်သည်ဟု ဆိုသည်။
ယခု တိုက်ပွဲတွင် KRU ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပြီး ရှေ့ဆက်၍ မဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
NMG – ပေးပို့သည်။