ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို အခြေခံစားသောက်ကုန်နှင့် အသုံးအဆောင် ပစ္စည်းများ တင်ပို့ရာ၌ ပေးဆောင်ရသည့်အခွန်ခ များပြားလို့ ကုန်စည်ပို့ဆောင်နေသူများ အခက်ကြုံ နေရသလို ဝယ်ယူစားသုံးသူ ပြည်သူများအတွက် ကုန်စျေးနှုန်းကြီးမြင့်နေသည်ဟု ကုန်စည်တင်ပို့နေသူများက ပြောသည်။
မော်ချီးဒေသခံ ပြည်သူများသည် စားသောက်ကုန်၊ အသုံးအဆောင်၊ စက်သုံးဆီများကို ဒီးမော့ဆိုမြို့နှင့် နယ်စပ်ဒေသကနေ ပြန်လည်ဝယ်ယူကြရခြင်းဖြစ်သည်။
ကုန်စည်များ တင်ပို့ရာတွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံ သွားလာရေးအတွက် ခွင့်ပြုချက် လက်မှတ်အပြင် တပ်ရင်းတပ်ဖွဲ့များဆီက ထောက်ခံစာကိုပါ ရယူနေရပြီး ကုန်စည်အတွက် သတ်မှတ်ထားသော အခွန်ခများကိုလည်း ပေးဆောင်ရသည်ဟု ကုန်စည်တင်ပို့နေသူတစ်ဦးက ဆိုပါသည်။
“IEC လက်မှတ် က ၃ သိန်း၊ တပ်ရင်းထောက်ခံစာက ၅ သိန်း စုစုပေါင်း ၈ သိန်းပေါ့နော်။ ဒါပေမဲ့ ကန့်သတ် ကုန်တွေဘာတွေဆို သပ်သပ်ထပ်ပေးရတယ်ပေါ့။ အကြမ်းအားဖြင့် သိတာတော့ ဘီယာက တစ်ဖာကို ၅ ထောင်၊ ဆန်က တစ်အိတ် ၅ သောင်း အဲ့လိုပေးရတာပေါ့” ဟု ဒီးမော့ဆိုမှ မော်ချီးကို ကုန်စည်တင်ပို့နေသူတစ်ဦးက ပြောသည်။
IEC က သတ်မှတ်ထားသည့် ကန့်သတ်ကုန်များမှာ ဘီယာ၊ ဆန်နှင့် စက်သုံးဆီတို့ ဖြစ်ပြီး ဒီးမော့ဆို – ဖားဆောင်း- မော်ချီးဒေသဘက်ကို ကုန်စည်တင်ပို့သူများက ထိုကုန်များအတွက် သယ်ယူပို့ဆောင်ခွင့်လက်မှတ် ပြုလုပ်ထား ရကြောင်း သိရသည်။
အခုကဲ့သို့ အခွန်ခများတာကြောင့် မော်ချီးဒေသဘက် ရောက်သွားသည့် ကုန်ပစ္စည်းတွေကို စျေးနှုန်းမြင့်တင် ရောင်းကြရသည့်အတွက် ကုန်စျေးနှုန်း မြင့်တက်လာပြီး ဒေသခံပြည်သူများ အခက်တွေ့နေကြသည်ဟုလည်း ကုန်စည်တင်ပို့နေသူက ဆက်ပြောသည်။
“ များတယ်လို့ ထင်တာထက် တခါတလေ လက်မှတ်က ဆိုင်ရာပိုင်ရာတွေပဲ အဆင်ပြေတာပေါ့။ ကိုယ်တွေက အသိမိတ်ဆွေ မရှိတော့ တောင်းဝယ်ရတယ်။ များတယ်လို့ ပြောရမှာပဲ ပြီးရင် ဒီထိရောက်ရင် အများအတွက်လဲ ဈေးပြန်တင်တော့ ပြည်သူလူထုအတွက်လဲ မကိုက်ဘူးပေါ့။ ကုန်တင်သူအတွက်လဲ အဆင်မပြေဘူးပေါ့။ ဈေးကို လာတင်ရောင်းရတယ်ဆိုတော့” ဟု အဆိုပါကုန်စည်တင်သူက ပြောပါသည်။
ဒီးမော့ဆိုကနေ မော်ချီးကို four wheel (ဖိုးဝီးလ်) ကားများနှင့် ကုန်တင်ပို့နေသည့် ကားတစ်စီး၏ အသွားအပြန် ကုန်ကျစရိတ်ဟာ အနည်းဆုံး ကျပ်သိန်း (၂၀) ရှိကြောင်း သိရသည်။
မော်ချီးဒေသ၌ ဆန်တစ်အိတ်ကို အနည်းဆုံး ကျပ် ၁ သိန်းကျော်မှ ၃ သိန်း အထိ စျေးရှိနေပြီး ဝက်သား တစ်ပိဿာ ၄ သောင်းကျပ်၊ ကြက်ဥတလုံး ၁ ထောင်၊ ကန်စွန်းရွက်တစ်စီးကို ၂၅၀၀ ကျပ်နှင့် တခြားသော အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်နေဆဲ ဖြစ်တယ်လို့ ဒေသခံများက ပြောသည်။
“ကား အသွားအလာ သိပ်မရောက်တော့လေ မိုးရာသီဆို ပိုဆိုးတယ်။ ကုန်ဈေးအရမ်းမြင့်တော့ တခါတလေကျရင် ကျောက် (ခဲ) ကောက်တဲ့ အဖွဲ့ကတော့ အဆင်မပြေဘူးပေါ့နော။ တခါတလေ ငါးပိငါခြောက် အဲ့တာတွေပဲ စားနိုင် တယ်ပေါ့နော။ အခုက ဂေါ်ဖီတစ်လုံးဆို ၅ ထောင်၊ ပန်းပွင့်တွေဆိုရင် ၈ ထောင် ၉ ထောင် ရှိတယ်” ဟု မော်ချီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ခဲသတ္တုတွင်းကိုသာ အဓိက မှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်းပြုနေရသည့် မော်ချီးဒေသ၌ စစ်အာဏာ မသိမ်းခင်က ကုန်ဈေးနှုန်း ပုံမှန်ရှိပေမဲ့ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း ဖြစ်ပါသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။