ဒိုက်ဦးထောင်တွင် တိုက်ပိတ်ခံထားရသော နိုင်ငံရေးအကျဉ်းသူများ အသက်အန္တရာယ် စိုးရိမ်နေရ

By MPM 3 ဩဂုတ်, 2026 👁 79

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ သီးခြားတိုက်ပိတ်ခံထားရပြီး ၅ ဦးမှာ မတရားအမှုဆင်ခံရကာ ပြစ်ဒဏ်တိုးမြှင့်ခံထားရကြောင်း PPNM ၏ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောသည်။

“လက်ရှိမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးဟာ သီးခြားတိုက်ပိတ်ခံထားရတာဖြစ်ပြီးတော့ ၅ ဦးကတော့ မတရားအမှုဆင်ခံထားရပြီး ပြစ်ဒဏ်တိုးမြှင့်ခံထားရပါတယ်။ ဘာအမှုတွေနဲ့ စွဲထားပြီးတော့မှ ဘယ်နှစ်နှစ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျ မသိရသေးပါဘူး”

အဆိုပါ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများမှာ ပြင်းထန်သည့် စိတ်ကျရောဂါများနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ခံစားနေကြရသည်ဟု ဆိုသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအပေါ် ထောင်အာဏာပိုင်များက ဖိနှိပ်ညှဉ်းပန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး လက်ရှိတွင် အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်လိုက်သည်။

ဒိုက်ဦးအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသူများအား အလုပ်ကြမ်း အတင်းအကျပ်ခိုင်းစေခြင်း၊ အခွင့်အရေးတောင်းဆိုသူများကို သီးခြားတိုက်ပိတ်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်း၊ ထောင်ဝင်စာနှင့် ပြင်ပဆက်သွယ်ခွင့် ဖြတ်တောက်ခြင်း၊ ဆေးကုသခွင့်မပေးခြင်းနှင့် မတရားအမှုဆင်ကာ ပြစ်ဒဏ်တိုးမြှင့်ခြင်းတို့ကို စနစ်တကျ ကျူးလွန်လျက်ရှိသည်ဟု PPNM က ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပိတ်ရာတွင် နိုင်ငံရေးအကျဉ်းသူများကို နှစ်ပတ်ကြာ ရေမချိုးခိုင်းခြင်း၊ တစ်နေ့လျှင် ရေတစ်လီတာဘူး တစ်ဘူးသာပေးပြီး ဆန်ပြုတ်တစ်မျိုးတည်းကိုသာ တိုက်ကျွေးသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ပြင် ပြစ်ဒဏ်ကာလစေ့သော်လည်း အဆောင်သို့ပြန်မပို့ဘဲ တိုက်အတွင်း ဆက်လက်ချုပ်နှောင်ထားကာ ထောင်ဝင်စာကန့်သတ်ခြင်း၊ ဆေးကုသခွင့်ငြင်းပယ်ခြင်းနှင့် တိုက်အတွင်း ဝင်ရောက်ရိုက်နှက် ခြိမ်းခြောက်ခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ဆိုသည်။

အကျဉ်းထောင်များအတွင်း ထိုကဲ့သို့ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများသည် အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်သည့်အထိ ကြောက်စရာကောင်းသော အခြေအနေတွင်ရှိကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က ပြောဆိုသည်။

“ဒီစစ်အုပ်စုက တရားဝင်မှုရရှိဖို့အတွက်နဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့ ပုံမှန်အစိုးရတစ်ရပ်အဖြစ်နဲ့ ဟန်ပြဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ လက်ရှိ အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသူတွေအတွက်က ဆေးကုသခွင့် လုံလုံလောက်လောက်မရတဲ့အပြင် အချိန်မရွေး တိုက်ပိတ်တာတွေ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုတွေကို ပြုလုပ်နေတာသည် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေက အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်တဲ့အထိ ကြောက်စရာကောင်းတဲ့ အခြေအနေမှာရှိတယ်လို့ ပြောလို့ရပါတယ်”

ထို့ပြင် နိုင်ငံရေးအကျဉ်းသူ ကိုယ်ဝန်ဆောင်များကိုလည်း ပြင်ပဆေးရုံတက်ခွင့်မပေးသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရမရရှိခြင်းကြောင့် မိခင်တစ်ဦး ကလေးဆုံးရှုံးခဲ့ရပြီး မွေးကင်းစ ကလေးငယ်တစ်ဦးမှာလည်း ၂၄ နာရီအတွင်း သေဆုံးခဲ့ရသည်။

အထက်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်၊ ဒုဦးစီး ဒေါ်စန်းနွယ်ဦး၊ အရာရှိ သဇင်မြင့်၊ အရာရှိ သက်သက်ဇင်နှင့် အရာရှိ သန္တာစိုးတို့က ဦးစီးကျူးလွန်လျက်ရှိသည်ဟု PPNM က စွပ်စွဲထားသည်။

အကျဉ်းထောင်အတွင်းသို့ လွတ်လပ်သောအဖွဲ့အစည်းများ ဝင်ရောက်စစ်ဆေးခွင့်ရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသူများ လိုအပ်သည့် အာဟာရနှင့် ဆေးဝါးစောင့်ရှောက်မှုများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများက ဝိုင်းဝန်းဖိအားပေးကြရန် မဆုမြတ်က ဆက်ပြောသည်။

“အကျဉ်းထောင်တွေအတွင်းကို ICRC အပါအဝင် လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို ဝင်ရောက်စစ်ဆေးခွင့် ဒါ့အပြင် နိုင်ငံရေးအကျဉ်းသူတွေရဲ့ လိုအပ်တဲ့ အာဟာရ၊ ဆေးဝါးစောင့်ရှောက်မှုတွေ လုံလောက်စွာရရှိဖို့၊ ပြစ်မှုကျူးလွန်တဲ့သူဖြစ်တဲ့ ဒိုက်ဦးအမျိုးသမီးဆောင် ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင် အပါအဝင် ကျူးလွန်တဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူဖို့နဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့သူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဖိအားပေးကြဖို့ တောင်းဆိုချင်ပါတယ်”

PPNM အနေဖြင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ၏ အသက်အန္တရာယ်၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူနိုင်ရေးနှင့် အကျဉ်းသူများ၏ ရပိုင်ခွင့်၊ လူ့အခွင့်အရေးများ အမြန်ဆုံးရရှိရေးအတွက် ဆက်လက်တောင်းဆိုသွားမည်ဟု ဆိုသည်။

NMG