ထီးချိုင့်မြို့မှစစ်ဘေးရှောင်များ စားသောက်နေရေးခက်ခဲမှုကြောင့် မြို့မှ စွန့်ခွာမှုများလာနေ

By MPM 30 ဧပြီ, 2025 👁 4

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူများသည် ကာလရှည် စစ်ရှောင်နေကြရသည့်အပြင် စားသောက်နေထိုင်ရေး အခက်ခဲများကြောင့် မြို့ကနေ စွန့်ခွာသူ များပြားလာနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

မန္တလေးမြို့သို့ စစ်ဘေးရှောင်လာသည့် ထီးချိုင့်ဒေသခံတစ်ဦးက “မြို့ထဲမှာက လူမရှိဘူး။ တချို့ဟာတွေဆိုရင် အပြင်လဲ မထွက်ရတော့ ငတ်ကုန်ပြီလေ။ စစ်ဘေးရှောင်တွေက ကာလကြာရှည်တော့ ငတ်ပြတ်ကုန်တာပါ့” ဟု ပြောသည်။

ထီးချိုင့်မြို့စစ်ရှောင်များသည် မြို့ကနေ စွန့်ခွာလာကြသည်သည်မှာ စစ်ကိုင်းငလျင် မလှုပ်ခတ်ခင် မတ်လအစောပိုင်းကဖြစ်ကြပြီး မန္တလေးမြို့အပါအဝင် ဆွေမျိုးသားချင်းနှင့် နီးစပ်ရာဒေသများသို့ သွားရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စတင်၍ ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့သော်လည်း အလုံးစုံသိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထီးချိုင့်မြို့ကနေ စစ်ဘေးရှောင်လာသူတစ်ဦးက “ထီးချိုင့်ကို ဘာမှမလုပ်တော့ဘူး၊ ကပ်လို့မရတာပဲရှိတယ်။ နဂိုအတိုင်းပါ့။ ထီးချိုင့်ကိုက သိပ်မမဲလောက်ဘူး၊ တိုက်မယ်လုပ်လိုက် ဗုံးကြဲလိုက်ဆိုတော့ သိပ်မတိုးရဲဘူးလား၊ ဘာလဲမသိဘူး” ဟု ပြောသည်။

ထီးချိုင့်မြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းများအားလုံးသည် မြို့သိမ်းတိုက်ပွဲ ဆင်နွဲကတည်းက ပျက်စီးနေပြီး ဒေသခံများမှာ အလုပ်အကိုင်မရှိခြင်း၊ ကုန်စျေးနှုန်းအဆမတန် ကြီးမြင့်မှုများနှင့် ကြုံနေရသည်ဟု ပြောဆိုကြသည်။

ယင်းအပြင် စစ်ဘေးရှောင်များအတွက် လာရောက်ကူညီမည့်သူ ရှားပါးတာကြောင့်လည်း စားသောက်ရေးတွင် အကျပ်အတည်းများနှင့် ကြုံရတာကြောင့် မြို့ကနေ စွန့်ခွာသူများပြားလာကြောင်း စစ်ဘေးရှောင်များက ပြောပါသည်။

ယင်းသို့အခက်ခဲများကြောင့် ဒေသကာကွယ်ရေးတပ်များက ဖမ်းဆီးထားသည့် အချုပ်သားတချို့ပင် ထွက်ပြေးမှုများရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။

လက်ရှိ၌ စစ်ကောင်စီတပ်များသည် ထီးချိုင့်တံတား၊ ထီးချိုင့်မြို့ပေါ်တွင် အခြေပြုနေဆဲဖြစ်ပြီး မြို့ဝန်းကျင် နယ်မြေအားလုံးကိုတော့ ဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်စိုးမိုးထားသည်။

ရှမ်းနီအသံ ပေးပို့သည်။