စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ရွှေလီမြစ်ကမ်းရှိ အင်းကြီးရွာအား စစ်ကောင်စီတပ်မှ ယနေ့နံနက်ပိုင်းမှစကာ ဝင်ရောက်မီးရှို့နေကြောင်း ဒေသခံများမှ သိရသည်။
စစ်အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်၏ တပ်မ ၃၃ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစကာ သာယာကုန်းရွာ၊ ကမ်းနားရွာ အပါအဝင် ရွာပေါင်း ၄ ရွာအား မီးရှို့လာပြီး လက်ရှိ အင်းကြီးရွာကိုလည်း မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်က ပြောသည်။
“ ခုရှို့ခံနေရတာက ရွာကြီးတွေမလို့ ပြည်သူတွေလည်း ထိခိုက်မှာစိုးတဲ့အတွက် နောက်ဆုတ်ပေးလိုက်တာ” ဟု ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိ မီးလိုက်ရှို့နေသည့် စစ်ကြောင်းသည် အင်းကြီးရွာမှ တစ်ဆင့်လေဖိုရွာဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။
မီးရှို့ခံနေရသည့် အင်းကြီးကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ရွှေလီမြစ်ကမ်းဘေးတွင်ရှိသည့် ကျေးရွာဖြစ်သည်။
ထို့အပြင် ဒေသခံပြည်သူများလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
KNG – ပေးပို့သည်။