ထိန်းချုပ်နယ်မြေမှာ မည်သည့်လက်နက်ကိုင်တပ်တွေမှ ဖြတ်သန်းခွင့်မပြုဘူးလို့ DKBA စာထုတ်

By MPM 27 နိုဝင်ဘာ, 2025 👁

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ မင်းလက်ပံရွာက DKBA ရဲ့ တရုတ်ကျားဖြန့်ဝင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းမှုဖြစ်စဉ်အပြီး ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း အရေးပေါ်သွားလာဖို့ လိုအပ်ပါက DKBA ကို ကြိုတင်သတင်းပို့ဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပြီး ဘာကြောင့် ဖြတ်သန်းသွားလာခွင့်မပြုဘူးဆိုတဲ့အချက်ကိုတော့ မဖော်ပြထားပါဘူး။

ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိဒေသတွေမှာ KNLA အပြင် အာဏာသိမ်းစစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် BGF ၊ ကော်သူးလေတပ်မတော် KTLA တို့လည်း သွားလာလှုပ်ရှားနေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

DKBA ရဲ့ ထုတ်ပြန်ချက်ဟာ KNLA အဖွဲ့တစ်ဖွဲ့ထဲကို ရည်ရွယ်ပြီး ထုတ်ပြန်တာဖြစ်နိုင်ပြီး မင်းလက်ပံက DKBA ကျားဖြန့်ရုံကို KNU က ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် DKBA က မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

လတ်တလောဖြစ်ရပ်အနေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က မြဝတီမြို့နယ် မင်းလက်ပံရွာထဲက DKBA စောင့်ကြပ်လုံခြုံရေးယူထားတဲ့ တရုတ်ကျားဖြန့်ဆိုက်ဝင်းတစ်ခုကို KNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိပြီး ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်မှာတော့ စစ်ကော်မရှင်တပ်က မင်းလက်ပံရွာထဲကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ကြောင်းအဆက်မပြတ်ထိုးလာနေပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း အပြင်းအထန်ခုခံနေတဲ့အတွက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်