ထားဝယ်မှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၅ ရွာက ဒေသခံတွေ တိမ်းရှောင်နေရ

By MPM 4 စက်တင်ဘာ, 2026 👁 203

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစလို့ ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စုကို လေကြောင်းဗုံးကြဲပြီးနောက် မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်ဘက်ကို သွားချိန် မောင်မယ်ရှောင်ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးမှုကြောင့် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းမှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာကနေ ရေဝိုင်းကျေးရွာအထိ ကျေးရွာပေါင်း ၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မိုးထဲလေထဲ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတာကြောင့် အမိုးအကာနဲ့ နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်တပ်စစ်ကြောင်းဟာ ထားဝယ်ရှေ့တောဒေသဘက်ကို ဘုရားမဲစစ်ဆေးဂိတ်က စစ်ကြောင်းတစ်ကြောင်းနဲ့ ဒေသအခေါ် ဖားအောက်တောရလမ်းဘက်က စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintahryi ရဲ့ အစီရင်ခံစာတွေအရ တနင်္သာရီတိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချနေမှု ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၈၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

သံလွင်တိုင်း