ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

By MPM 13 မေ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို မေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

တပ်အင်အား ၂၀ နီးပါး တပ်စွဲနေထိုင်သည့် ထားဝယ် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့ခံများက ပြောသည်။

“အလစ်တိုက်ခိုက်ခံလိုက်ရတာ စကစအဖွဲ့တွေ ပြေးတဲ့သူကပြေး၊ ပုန်းတဲ့သူကပုန်းနဲ့ ထိခိုက်သူတွေလည်း တွေ့ရတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောပါသည်။

ဒေသခံများ၏ ပြောပြချက်အရ မိနစ် ၂၀ ခန့် ကြာမြင့်သည့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီ ဘက်က ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယင်းသို့ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ထားဝယ်မြို့အဝင်ဂိတ်ကို ယာယီပိတ်ချခဲ့ပြီး ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်က လက်ရှိအချိန်အထိ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရှိရသေးပါ။

အလားတူ မေလ ၁၂ ရက်နေ့ ညပိုင်းကလည်း ထားဝယ်မြို့ပေါ် ကမ်းနားလမ်းဘက်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။