ပဲခူးတိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဘုမ္မတီး၊ သရက်တန်းနှင့် ကျွဲလမ်းကျေးရွာတို့အား ယမန်နေ့ မေလ (၂) ရက်နေ့ညနေက စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းမှ တိုက်လေယာဥ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ (၃) ဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
သေဆုံးသူများတွင် ကျွဲလမ်းကျေးရွာနှင့်ဘုမ္မတီးကျေးရွာနေ အသက် (၂၂) နှစ်နှင့် (၃၀) နှစ်အရွယ် အမျိုးသမီးနှစ်ဦးလည်းပါဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၅) ဦးခန့်ရှိကြောင်း၊ နေအိမ်ထိခိုက်ပျက်ဆီးမှုများရှိသလို လတ်တလောတွင် အဆိုပါကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
ဒေသခံများနှင့်နီးစပ်သူတစ်ဦးက “တိုက်ပွဲမဖြစ်ဘူး မနေ့ကနေ့လည်ပိုင်းက ဘုမ္မတီးရွာမှာ ကေအဲန်ယူက အစည်းအဝေးလုပ်နေတာရှိတယ်။ ပြီးတော့ ရွာထဲကို PDF သုံး လေး ယောက်လောက် ဝင်လာတာလည်းရှိတယ်။ အဲဒါကို စစ်ကောင်စီသတင်းပေးတွေက သတင်းပေးလိုက်လို့နဲ့တူတယ် ညနေပိုင်းမှာ လေယာဥ်နှစ်စင်းနဲ့လာကျဲတာ (၃) ယောက်ထိပြီး သေသွားတယ်။” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။
ထိုနေက ကေအဲန်ယူကွန်ကရက်ရှိသော်လည်း အဆိုပါကျေးရွာများအတွင်း ကျင်းပပြုလုပ်ခြင်းမဟုတ်ဘဲ ကျေးရွာများအတွင်းသို့ ပစ်မှတ်ထား၍ တိုက်လေယာဥ်နှစ်စင်းဖြင့် ဗုံး (၇) လုံး ကျဲချတိုက်ခိုက်ခဲ့ရုံသာမက စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “အဲ့ဒီနေ့က ကေအဲန်ယူကွန်ကရက်ရှိတယ် ဒါပေမယ့်လုပ်တာက အခုစစ်တပ်ကလာကျဲသွားတဲ့ ရွာတွေမှာလုပ်တာမဟုတ်တော့ ကွန်ကရက်ရှိလို့လာတာလား ဘာလားဆိုတာအတိအကျပြောလို့မရဘူး။ အဲ့ဘက်ခြမ်းမှာ အရင်ရက်ပိုင်းကလည်း ပစ်ခတ်မှုတွေကရှိနေတော့လေ။ ကွန်ကရက်ရှိတဲ့ဆီလာကျဲတာဆိုရင် ရှိတဲ့နေရာသွားမကျဲဘဲ အခုက ရွာတွေကိုသပ်သပ်လာကျဲသွားတာပါ။” ဟု ပြောသည်။
ထို့အပြင် အသက်ဘေးမှ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများအား အဆိုပါဖြစ်စဥ်အား သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက တားမြစ်ခြိမ်းခြောက်ထားကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
“တောင်ငူဘက်ပြောင်းပြေးလာတဲ့သူတွေကိုလည်း ရွာအခြေအနေကိုပြန်မပြောဖို့ စစ်တပ်က တားထားတယ်။ ရွာခံတွေက ပစ်ခံရတဲ့အခြေအနေကို မပြောရဲကြဘူး။” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဧပြီလနောက်ဆုံးအပတ်ကလည်း ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ဘုမ္မတီးကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
စစ်ကောင်စီသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစ၍ လေကြောင်းတိုးမြှင့်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေသလို ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့ သုံးလတာကာလအတွင်း ကေအဲန်ယူနယ်မြေ အရပ်သားပြည်သူပိုင်နေရာများတွင် လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှု (၁၁၆) ကြိမ်ခန့်လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး (ဗဟို) မှ မှတ်တမ်းတင်ပြုစုထားချက်အရ သိရသည်။
နန့်ဆန်းထီ(KIC) – ပေးပို့သည်။