တော်လှန်ရေးအင်အားစုများကြားက ပြဿနာကို စစ်ရေးနည်းလမ်း မသုံးရန် အဖွဲ့အစည်း ၄၆ ဖွဲ့ တောင်းဆို

By MPM 11 မတ်, 2026 👁 2

စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် တိုက်ခိုက်နေကြသော တော်လှန်ရေးအင်အားစုများအချင်းချင်း ကြားဖြစ်ပွားသော ပြဿနာများကို စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းကြရန် အရပ်ဖက်အဖွဲ့အစည်း ၄၆ ဖွဲ့က မတ်လ ၁၀ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

တော်လှန်ရေးအင်အားစုများကြား မဟာမိတ်ကိုအားပြု၍ စည်းစည်းလုံးလုံးဖြင့် ချီတက်ကြရမည်ဖြစ်သော်လည်း ယခုအခါ တော်လှန်ရေးအဖွဲ့အစည်း ချင်းချင်း စစ်ရေးတိုက်ပွဲများ၊ တစ်ဖက်အဖွဲ့အစည်းမှ ခိုင်မာသည့် အကြောင်းပြချက်မရှိဘဲ တစ်ဖက်ကို ဖမ်းဆီးမှု၊ မိတ်ဖက်အင်အားစုအချင်းချင်း နိုင်ငံရေး အရ တန်းတူမဆက်ဆံမှုများနှင့် လူလုအပေါ် လက်နက်အင်အားဖြင့် နှိပ်စက်မှုများ ခပ်စိပ်စိပ်တွေ့ရ လာသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

နိုင်ငံအတွင်း စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ပြည်သူများမှာ ဆင်းရဲတွင်းထဲ ပိုနစ်ဝင်လာမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများကြား မစည်းလုံးလျှင် စစ်ပွဲကြာရှည်လာမည်ဟု အရပ်ဖက်အဖွဲ့ အစည်းများက ထောက်ပြထားသည်။

“တော်လှန်ရေးကြာလာတာနဲ့အမျှ ခံရတဲ့ပြည်သူတွေက ပိုဒုက္ခရောက်ကြရမှာပါ။ ဒီအချိန်မှာ တော်လှန်ရေးအဖွဲ့ အချင်းချင်း မစည်းလုံး၊ မညှိနှိုင်းကြရင် ပဋိပက္ခကတော့ ပိုကြာရှည်သွားနိုင် ပါတယ်။ ဒီအတွက် ကျနော်တို့နိုင်တဲ့ဖက်က ထုတ်ပြန်တိုက်တွန်းရတာပါ။ လက်နက်အားကိုးပြီး ပြည်သူတွေဆီက အမြတ်မထုတ်ဖို့လည်း တိုက်တွန်းထားပါတယ်” ဟု အမည်မဖော်လိုသည့် အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အနေဖြင့် တော်လှန်ရေးအင်အားစုအချင်းချင်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး၊ စစ်ရေးအားကိုး၍ ဖြေရှင်းသည့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်ကြောင်း အရပ်ဖက် အဖွဲ့အစည်းများက ဆိုသည်။

တော်လှန်ရေး၏ အရေးပါသည့် ကဏ္ဍတွင် ရှိနေသည့် NUG နှင့် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကြား မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒများကို မှန်ကန်စွာချမှတ်ပြီး အခိုင်အမာ လိုက်နာရန်လည်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

စစ်ကောင်စီဘက်မှ စစ်ရေး၊ နိုင်ငံရေးအရ အားကောင်းလာချိန်၌ တော်လှန်ရေးအဖွဲ့များအကြား အကွဲအပြဲဖြစ်နေခြင်းသည် စစ်ကောင်စီပိုမို အားကောင်းလာစေရန် လုပ်ဆောင်ပေးနေ ခြင်းသာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“တကယ်ဆို အခုလိုအခြေအနေမှာ စစ်ကောင်စီကို ယှဉ်နိုင်လောက်အောင် စုရုံးအင်အားရှိဖို့ ပြင်ဆင်ရမှာ။ ဒါပေမယ့် အဖွဲ့အစည်း အတ္တ၊ အကျိုးစီးပွားတွေကို အလေးပေးနေရင် ပြည်သူတွေက စစ်ကောင်စီကို ထောက်ခံတာလောက် မကောင်းဘူးဖြစ်သွားရင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရပ်တည်နိုင်ဖို့တောင် မလွယ်ဘူးဖြစ်သွားမှာပါ” ဟု ထိုင်းနိုင်ငံအတွင်း နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ် လေ့လာနေသည့် လူငယ်တစ်ဦးက ပြောသည်။

တော်လှန်ရေးအဖွဲ့များအကြား ကြီးနိုင်ငယ်ညှင်းဆက်ဆံရေးများအား ရှုတ်ချပြီး တပ်ပေါင်းစုတစ်ခု တည်ဆောက်နိုင်မှသာလျှင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အမှန်အကန် ထိရောက်သည့် လုပ်ငန်းစဉ်များ ချတ်မှတ်နိုင်မည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ယင်းကြောင့် စစ်အာဏာရှင်ဆန့်ကျင့်ရေးလမ်းကြောင်းပေါ်၌ရှိနေကြသော တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့် မူဝါဒများကို အခြေခံပြီး တပ်ပေါင်းစုတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန် အရပ်ဖက်အဖွဲ့အစည်း ၄၆ ဖွဲ့က တောင်းဆိုထားကြသည်။

DMG