တောင်ကြီး၊ တောင်လေးလုံးထောင်တွင် ထောင်ဆူ၊ ထောင်ဖောက်မှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ တောင်လေးလုံးထောင်အတွင်း အမျိုးသား ၂ ထပ်ဆောင်- ၁ မှ အကျဉ်းသား ၁၅ ဦးခန့်သည် မတ်လ ၁၄ ရက်နေ့၊ နံ နက် ၈ နာရီခွဲ အချိန်ခန့်တွင် လှေကားသစ်သားလက်ရန်းများကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီးနောက် ညဘက် တာဝန်ကျ လုံခြုံရေးဝန်ထမ်း ၂ ဦးကို ရိုက်နှက်၍ အုတ်တံတိုင်းပေါ်မှတစ်ဆင့် ကျော်တက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
အကျဉ်းသား မိသားစုဝင်တစ်ဦးက “Facebook (လူမှုကွန်ယက်စာမျက်နှာ) မှာလည်း ထောင်ဖောက်ပြေးတယ်။ ဘယ်လောက် လွတ်တယ်ဆိုပြီး ရေးနေကြတယ်ပေါ့နော်။ ထောင်ထဲကို အစားအသောက် ပို့ရင်း မေးကြည့်တာတော့ ထောင်ဖောက်ပြေးတာ မဟုတ်ဘူး။ ဆူပူမှုဖြစ်တာတဲ့။ ထောင်ဝန်ထမ်းတွေကို မသိမသာမေးကြည့်တော့ အဲလိုမျိုး မဖြစ်ခဲ့ဘူးပြောတယ်” ဟု ပြောသည်။
အဆိုပါ ထောင်ဆူပူမှုတွင် အကျဉ်းသားများမှ CCTV နှင့် ဆိုလာမီးသီးများ ရိုက်ခွဲ၍ ဆူပူမှု ပြုလုပ်ခဲ့သောကြောင့် မျှော်စင်တာဝန်ကျ လုံခြုံရေးဝန်ထမ်းများမှ သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရာ အကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
ထို ၄ ဦးအနက် သေဆုံးသူမှာ တောင်ကြီးမြို့ အထွေထွေသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် ကိုကျော်ကြီးဆိုသူဖြစ်ပြီး ထိခိုက်သူများမှာလည်း နိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု နီးစပ်သူအချို့က ပြောသည်။
ထို့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ထောင်လုံခြုံရေး ဝန်ထမ်း ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် အကျဉ်းသား ၁၁ ဦးလုံးကို ပြန်လည်ဖမ်းမိခဲ့သည်ဟု ဆိုသည်။
တောင်လေးလုံး အကျဉ်းထောင်မှ အကျဉ်းသားဟောင်းဖြစ်သည့် အမျိုးသားတစ်ဦးက “စစ်ကောင်စီ လော်ဘီ မီဒီယာတွေ ထုတ်ပြန်ချက်နဲ့တော့ လွဲနေတယ်။ သူတို့ကတော့ ကျားဆောင် – ၂ လို့ ပြောတာ ပေါ့။ ဒါပေမယ့် ကျားဆောင် -၂ မှာ သစ်သားလက်ရန်းမရှိဘူး။ ချိုးဖျက်ထားတဲ့ လှေကားက ကျား ဆောင် – ၁ က လှေကားပါ။ မြေပြင် အနေအထားအရဆိုရင် ကျားဆောင် – ၁ ဝင်းထဲမှာက Main Jail ရှိ နေတာရယ် တိုက်-၂ ရှိနေတာရယ်ကြောင့် ပြေးရခက်ပါတယ်။ ကျားဆောင် – ၁ က ပစ္စည်းတွေယူပြီး ကျားဆောင် – ၂ ဖက်ကို ပြေးလို့ရပေမယ့် တော်တော်ကို ကြိုးစားယူရမှာပါ။ Main Jail ဖြတ်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး” ဟု သုံးသပ်ပြောဆိုသည်။
တောင်လေးလုံးထောင်သည် ညောင်ရွှေမြို့နှင့် ကွာဝေးလွန်းသည့်အပြင် လမ်းတစ်လျှောက်၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ အထပ်ထပ် ကျော်ဖြတ်ရမည်ဖြစ်သောကြောင့် ထွက်ပြေးရန် မဖြစ်နိုင်ဘူးဟု အကျဉ်းသားဟောင်းအချို့က ပြောသည်။
အလားတူပြင် တောင်လေးလုံးထောင် အနီးတစ်ဝိုက်နှင့် စစ်ဆေးရေးဂိတ်များတွင်လည်း ရဲနှင့် စစ်ကောင်စီတပ်သားများမှ အကျဉ်းသားများအား လိုက်လံရှာဖွေခြင်း မရှိသောကြောင့် ထောင်ဖောက် ပြေးသည့် သတင်းမှာ မဖြစ်နိုင်ဘူးဟု ထောင်နှင့်နီးစပ်သည့် ကျေးရွာနေ ပြည်သူများက ပြောသည်။
မတ်လ ၁ ရက်နေ့တွင်လည်း နေပြည်တော်တရားရုံးမှ ရုံးထုတ်ပြီး ပြန်လာသည့် ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား ၂၀ ဦးသည် တပ်ကုန်းမြိုနယ်၊ ရှောက်ကုန်းကျေးရွာအရောက်တွင် အချုပ်ကားဖောက်ပြေးခဲ့သေးသည်။
အဆိုပါဖြစ်စဉ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကို ပြန်လည်ဖမ်းမိခဲ့သော်လည်း ကျန် ၉ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
NMG – ပေးပို့သည်။