ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်နေ လူငယ် ၂ ဦးသည် စစ်မှုထမ်း မဲနှိုက်သည့် အလှည့် ယာယီရွှေ့ဆိုင်းရန်အတွက် စစ်ကောင်စီတပ်အား ငွေကျပ် ၁၀ သိန်း ပေးဆောင်ခဲ့ရသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
ထိုသို့ ငွေပေးပြီးနောက် အသက် ၂၅ နှစ် မှ ၃၀ နှစ် ကြား အရွယ်ရှိ အမျိုးသား ၂ ဦး ကို မဲနှိုက်ရမည့်ရက်အား စစ်ကောင်စီတပ်က ၄ လတိတိ ရွှေ့ဆိုင်းပေးခဲ့ခြင်း ဖြစ်သည်။
မိသားစုနှင့် နီးစပ်သူတစ်ဦးက “လုံးဝ လွတ်သွားတာတော့ မဟုတ်ဘူးပေါ့။ ၄ လ ကြာရင် အလှည့် ပြန်လာချင် လည်း လာမယ်။ အဲဒီ အခါကျရင် သူတို့ရှိနေရင် မဲနှိုက်ရင်လည်း နှိုက်ရမယ်။ မရှိဘူးဆိုရင် အခုလို ပိုက်ဆံပေး ရင်လည်း ပေးရမှာပေါ့။ ဘာဖြစ်လာမလဲကတော့ စောင့်ကြည့်ရမှာပဲ” ဟု ပြောသည်။
လတ်တလောတွင် ထိုလူငယ် ၂ ဦးသည် နောက်တကြိမ် ရက်ရွှေ့ဆိုင်းရန် ငွေကြေးထပ်မပေးနိုင်သည့်အတွက် မိသားစုဝင်များနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရပြီး မဲပေါက်သည့် လူငယ်များမှာလည်း ငွေကြေး မပြေလည် သည့်အတွက် စိုးရိမ်ပူပန်နေရသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။
လက်ရှိညှိနှိုင်းထားသည့် ကျပ် ၁၀ သိန်းမှာ မဲနှိုက်ရသည့်ရက်အား ရွှေ့ဆိုင်းသည့် ဈေးနှုန်းသာဖြစ်ပြီး မဲပေါက်၍ စစ်မှုမထမ်းချင်သူများမှာမူ ကျပ်သိန်း ၄၀ မှ ကျပ်သိန်း ၁၀၀ ကျော် အထိ ရပ်ကွက်အလိုက် ဈေးနှုန်းကွာခြားချက် ရှိသည်ဟု မြို့ခံများက ပြောသည်။
ငွေပေးဆောင်ခဲ့ရသည့် လူငယ်နှစ်ဦးနှင့် နီးစပ်သူတစ်ဦးက “အစက တစ်ယောက်ကို ၁၀ သိန်း တောင်းတာပါ။ နောက်တော့ ညှိနှိုင်းရင်း တစ်ယောက် ၅ သိန်း ဖြစ်သွားတာ။ ဒါက စစ်တပ်ကို ပေးရတဲ့ဈေးပေါ့။ အုပ်ကြီးကိုလည်း ပေးရတာ ရှိသေးတယ်။ အဲတာတော့ မသိရဘူး” ဟု ပြောသည်။
ရေအေးကွင်းရပ်ကွက်တွင် နေထိုင်သည့် လုပ်ငန်းရှင်သူဌေးတချို့မှာလည်း အချင်းချင်းစုပေါင်း၍ ၎င်းတို့၏ မိသားစုဝင်များ မဲနှိုက်စာရင်း မပါစေရန်အတွက် စစ်ကောင်စီတပ်ထံ ကျပ်သိန်း ၉၀၀ လာဘ်ပေးထားကြသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးသည့်နောက်ပိုင်း တောင်ကြီးမြို့ရှိ လူငယ်အများစုမှာ လွတ်မြောက်နယ်မြေနှင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့နေလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီဟု စစ်မှုထမ်း အကျုံးဝင်လူငယ်များ၏ မိဘများ ပြောပြချက်အရ သိရသည်။
NMG ပေးပို့သည်။