အာရက္ခတပ်တော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲတိုင်းတွင် အထိနာ အကျဆုံးများနေမှုအပေါ် လက်စားချေသည့်အနေဖြင့် အာဏာသိမ်းအကြမ်းဖက် မြန်မာစစ်တပ်သည် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များမှ နေရာအချို့ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သတင်းရရှိသည်။
၂၀၂၆ ခုနှစ် ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်မှစတင်ပြီး စစ်ဘေးရှောင်များနေထိုင်သည့် ဆားပြင်၊ကင်းတောင်နှင့်ပတ်ဝန်းကျင်တောင်များကိုအဓိကထားပြီး လေကြောင်းမှ ဂျက်ဖိုက်တာ ၄ စီးနှင့်Y12 ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဒေသခံသတင်းရင်းမြစ်က နိရဉ္စရာကိုပြောသည်။
ဒေသခံတစ်ဦးက “ ဒီနေရာတွေက တောင်ကုတ်မြို့နယ်က ဆားပြင်၊ ကင်းတောင်နဲ့ အနီးအနား ဒီနေရာတွေက စစ်ရှောင်တွေ ယာယီခိုလှုံနေတဲ့နေရာတွေပါ။ မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲသွားပါတယ်။ ဘယ်လိုသတင်းရပြီး ကြဲသွားတယ်လို့ မသိဘူး။ လေယာဉ်ကတော့ အုပ်စုလိုက်ဘဲ အဲဒီကျေးရွာတွေအနားက တောနားတောင်နားတွေကို အဓိကထား ဗုံးကြဲတယ်။ ကျေးရွာက ဒေသခံတွေကတော့ အခုထိ ရွာကိုပြန်မလာဘဲ ပြေးနေတဲ့လူတွေရှိသေးတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်တချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သတင်းရရှိသော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့် လတ်တလော အသေးစိတ်သတင်းများကို မရရှိသေးပါ။
အလားတူ တရက်တည်းအတွင်းဇွန် ၁ ရက်နေ့ ည ၈ နာရီကျော်အချိန်ကလည်းတောင်ကုတ်-မအီ-ရမ်းဗြဲ ကားလမ်းအနီး ကုလားပုန်းတောင်နဲ့ ရမ်းသစ်ကြီးကျေးရွာကြားရှိ နေရာများကိုဗုံးကြဲ သွားခဲ့သည်ဟု သိရသည်။
၎င်းနေရာများသည် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် တောင်မော်ဦး (ခ) တောင်မော်ကြီး ရေတပ်စခန်း အနီးဝန်းကျင်ကျေးရွာများမှ စစ်ရှောင်များယာယီခိုလှုံနေသော နေရာများဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဒေသခံစစ်ဘေးရှောင်တွေ ယာယီခိုလှုနေတဲ့ နေရာတွေပါ။ ပစ်တာကတော့ အဲဒီနားမှာရှိတဲ့ ဆည်အနီးပတ်ဝန်းကျင်ကို အဓိကထားကြဲချတယ်။ အဲဒီနေရာမှာ တောင်မော်ကြီးပတ်ဝန်းကျင်က ထွက်ပြေးလာတဲ့စစ်ရှောင်တွေ ယာယီနေကြတယ်။ အကြမ်းဖက်စစ်တပ်က ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့တဲ့အတွက် ထိခိုက်သေဆုံးမူရှိနိုင်တယ်” ဟု ပြောသည်။
အကြမ်းဖက်စစ်တပ် လေကြောင်းကနေဆက်လက်တိုက်ခိုက်မူရှိနေသည့်အတွက် ဒေသခံများမှာ ဆက်လက်ထွက်ပြေးနေကြသည်ဟု ဆိုသည်။
အကြမ်းဖက်စစ်တပ်သည် AA ထိန်းချုပ်နေရာသို့ ထိုးစစ်ဆင်ရာမှ အကျဆုံးများပြီး တောင်မော်ဦးရေတပ်ပါတိုက်ခိုက်ခံနေရတဲ့အတွက် အရပ်ဘက်နေရာများကို ဗုံးကြဲမှုပိုမိုပြုလုပ်လာနေပြီး စနဲမြို့ကိုလည်း လေကြောင်းက မီးလောင်ဗုံးများချကာ တိုက်ခိုက်သဖြင့် စျေးဆိုင်နှင့် လူနေအိမ် ရာနှင့်ချီပြီး မီးလောင်သွားခဲ့သည်။
အကြမ်းဖက်လေတပ်သည်လေယာဉ်ဖြင့်ဗုံးမကြဲမီ ကင်းထောက်လေယာဉ်များဖြင့် ပျံသန်း ကင်းထောက်လေ့ရှိသဖြင့် ဒေသခံပြည်သူများ ကင်းထောက်လေယာဉ်များကို အထူးသတိ စောင့်ကြည့်ရန် လိုအပ်နေသည်ဟု ဆိုသည်။
နိရဉ္စရာ